
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မေ ၁၉ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာ အခြေစိုက် သိမ်ကုန်းတာဝါတိုင်စခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် မေ ၁၇ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-၃၆၀၁ တပ်ရင်းထံမှ သိရသည်။
သိမ်ကုန်းတာဝါတိုင်စခန်းသို့ တပ်ဖွဲ့ဝင် ၇၀ ဝန်းကျင်ဖြင့် အင်အားဖြည့်တင်းရန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်ကုန်းရွာအနီးတွင် စနိုက်ပါများ၊ ၄၀ မမလက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ကြောင်းသိရသည်။
သိမ်ကုန်းတာဝါတိုင်စခန်းသည် တပ်မ-၆၆ လက်အောက်ခံအထိုင်တပ်စခန်းတစ်ဖြစ်ပြီး အဆိုပါစခန်းဝန်းကျင်ရှိ နယ်မြေထိန်းချုပ်နေသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
“စစ်ရေးအနေအထားကတော့တင်းမာနေတယ်။ စစ်ကောင်စီတပ်က ထပ်ပြီးထွက်လာမယ်ဆို ကျွန်တော်တို့ ထပ်ပြီးတိုက်ပွဲဖြစ်မယ့်အခြေအနေမျိုးရှိတယ်။ သူတို့က အင်အားကလည်း ထပ်ပြီးတိုးနေတယ်” ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ Shadow က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် တပ်သားအလောင်းများ နှင့် ဒဏ်ရာရရှိသူများကိုသိမ်ကုန်းတာဝါတိုင်စခန်းသို့ ပြန်လည် သယ်ဆောင်သွားပြီး မေ ၁၈ ရက်နေ့တွင် အမိန့်ပြန်ကာ မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။
ထို့ပြင် ၆၀-မမ လက်နက်ကြီးကျည် နှစ်လုံး၊ ၅.၅၆ ကျည် ၂၄ တောင့် နှင့် စစ်ယူနီဖောင်းအချို့ကိုလည်း နေမြေရှင်းလင်းရေးပြုလုပ်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း ၃၆၀၁ တပ်ရင်းထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း နှင့် ၃၆၀၂ တပ်ရင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ဓာတ်ပုံ – ပေးပို့
#ပေါင်းတည် #စစ်ကြောင်းထိုး #စစ်ကောင်စီ #တိုက်ပွဲ #သေဆုံး #Ayeyarwaddy_Times