
ဧရာဝတီတိုင်းမ်
မေ ၁၉ရက်
ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီး ရမိခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင်များကို အာရက္ခတပ်တော် (AA) က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ ကြောင်း သိရသည်။
AA သည် ဘူးသီးတောင်တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအနက် ၃၀၀ ကျော်ကို ယမန်နေ့ မေ ၁၈ရက်နေ့က လွှတ်ပေးခဲ့ကြောင်း အာရက္ခတပ်တော်အကြောင်း ဖော်ပြပေးနေသည့် APM ထံမှ သိရသည်။
ဘူးသီးတောင်မြို့ကို ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ ယမန်နေ့ မေ ၁၈ ရက်နေ့တွင် မြို့သိမ်းတိုက်ပွဲ (၁) နှစ်ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့ေသာ စကခ (၁၅) နှင့် ခမရ (၅၅၁) တပ်ရင်းမှသုံ့ပန်းမိသားစုဝင် ၃၁၄ ယောက်ကို အာရက္ခတပ်တော်က လွတ်ငြိမ်းခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လွတ်မြောက်လာသော သုံ့ပန်းမိသားစုဝင်များထဲတွင် သက္ကမ၊ ခမီ၊ မြို၊ သက်တိုင်းရင်းသားလူမျိုး အပါအဝင် အိမ်ထောင်စု ၂၆ စုက လူဦးရေ ၆၉ ယောက်နှင့် ရခိုင်လူမျိုး အိမ်ထောင်စု ၈၁ စုက လူဦးရေ ၂၄၅ ယောက် ပါဝင်ပြီး အခမ်းအနားပြုလုပ်ကာ မိသားစုဝင်များထံ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၁၆ ရက်နေ့ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းမိသားစုဝင် ၂၂၅ယောက်ကို AA က ပြန်လည်လွှတ်ပေးခဲ့သည်။
ဓာတ်ပုံ- APM ၊ GEM
#ဘူးသီးတောင် #AA #စစ်သုံ့ပန်း #မိသားစုဝင် #၃၁၄ယောက် #Ayeyarwaddy_Times