
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်နေမှုများအတွက် တရားစွဲဆို အရေးယူနိုင်ရေး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်ကိုးရီးယားနိုင်ငံတွင် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ဦဆောင်အဖွဲ့နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)အဖွဲ့ဝင် မစ္စရန်ဟီးလီတို့သည် မေ ၁၄ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်နေမှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုးရီးယားနိုင်ငံတွင် တရားစွဲဆို အရေးယူနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ထို့အတူ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း နိုင်ငံတကာနှင့် ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံအလိုက်တရားစွဲဆို အရေးယူဆောင်ရွက်မှု လမ်းကြောင်းများကို ဆွေးနွေးဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook)တွင် ရေးသားထားသည်။
“ဘယ်လမ်းကြောင်းမှ လွယ်ကူချောမွေ့တာ မရှိနိုင်ပါဘူး။ ဒါပေမယ့် တရားမျှတမှုအတွက် လမ်းကြောင်းတွေကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်သလို ပေါ်လာတဲ့ လမ်းကြောင်းတွေကိုလည်း ဆက်လက်ဖြတ် သန်းရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်နေမှုများအတွက် စစ်ကောင်စီကို တရားစွဲဆို အရေးယူနိုင်ရေး ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်း၊ တောင်ကိုးရီးယားနိုင်ငံရှိ ရှေ့နေများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များလည်း ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ကလည်း “လားရှိုးမြို့အား MNDAA ထံမှ စစ်အုပ်စု၏ ရှက်ဖွယ်ကောင်းသော ပြန်လည်သိမ်းယူမှုနှင့် ၎င်းနောက်ကွယ်မှ တရုတ်၏ ကြားဝင် စွက်ဖက်မှု” ဟူ၍ ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုအထဲတွင် တရုတ်နိုင်ငံက စစ်ကောင်စီကို ကျောထောက်နောက်ခံပြု၍ တစ်ဖက်အား ဖိအာပေးမှုအပြင် တိုက်လေယာဉ်များ ထောက်ပံ့ပေးသဖြင့် ၎င်းလေယာဉ်များဖြင့် မြန်မာနိုင်ငံတဝန်းလုံးကို မရပ်မနား လေ ကြောင်းမှ တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီအတွက် တရုတ်နိုင်ငံ၏ စစ်ရေးအထောက်အပံ့ပေးမှုနှင့် မြန်မာနိုင်ငံတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုမှာ လွဲမှားစွာ လောင်းကြေးထပ်ခြင်း ဖြစ်ပြီး စစ်အုပ်စုကို ကယ်တင်နိုင်မည် မဟုတ်ကြောင်း ဆိုသည်။
ဓာတ်ပုံ – NUG
#စစ်ကောင်စီတရားစွဲဆို #ကုလသမဂ္ဂအထူးကိုယ်စားလှယ် #မစ္စရန်ဟီးလီ #NUG #Ayeyarwaddy_Times