ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ပြုလုပ်သောနတ်ပွဲတွင် ကြက်အရှင်ကိုစားပြီး ကပြခဲ့သောနတ်ကတော် အောင်ကိုမင်းနှင့် ပွဲစီစဉ်သူများကို မေလ (၁၃)ရက်နေ့တွင် ဖျာပုံတရားရုံးမှ ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် မေလ (၉)ရက်နေ့ကဖျာပုံမြို့အမှတ်(၃)ရပ်ကွက် ဝေနေယျသုခသောက်ရေကန် ပူဇော်ပွဲတွင် နတ်ကတော်အောင်ကိုမင်းမှ ကန်သခင်မ ၀င်သည်ဟု ဆိုကာ ကြက်အရှင်ကို ကိုက်စားပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူများအသတ်ကိုညှင်းဆဲပြီးသတ်တယ်ဆိုကတည်းက မြတ်ဗုဒ္ဓ ဘုရားအဆုံးအမတွေနဲ့ စလွဲတာဘဲလေ။ အရေးယူ လိုက်တာကောင်းတယ် ၊ လူတွေကို အယူဝါဒ အမှားတွေမဖြစ်အောင် ဒါမျိုးတွေပပျောက်စေချင်တယ်”ဟု ဖျာပုံဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ကြက်အရှင်ကို စားသုံးနေသည့် ဓာတ်ပုံအား ဖျာပုံမြို့ခံတစ်ဦးမှ လူမှုကွန်ရက်တွင် ဖော်ပြရာမှ ပြည်သူများကြားဝေဖန်မှုမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံဒေဝါပညာရှင်များစည်းကမ်းထိန်းသိမ်းရေးဗဟို မှ အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နတ်ကတော်အောင်ကိုမင်း အပါအ၀င် ပွဲစီစဥ်သူ နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီးနောက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးလစီချမှတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ကြက်အရှင်ကိုစားပြနေသည့်နတ်ကတော်အောင်ကိုမင်း
#ဖျာပုံမြို့ #ကြက်အရှင်စားပြသည့် #နတ်ကတော် #ပွဲစီစဉ်သူ #ထောင်၃လချမှတ် #Ayeyarwaddy_Times