
ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
မြန်မာ့ငလျင်ဘေးတွင် ထိခိုက်ပျက်စီးမှုများ အပြင်းအထန်ခံစားခဲ့ရသည့် ပြည်သူများအတွက် စစ်ကောင်စီထံ နိုင်ငံတကာမှ ပေးအပ်ခဲ့သည့် အရေးပေါ်အကူအညီများမှာ လိုအပ်သူများထံ ရောက်ရှိခြင်းမရှိကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(Blood Money Campaign) ထံက သိရသည်။
စစ်ကောင်စီသည် နိုင်ငံတကာမှ ငလျင်ဘေးအတွက် လူသားချင်းစာနာထောက်ထားမှု အနေဖြင့် အလျင်အမြန် ပေးအပ်လာသည့် အစားအသောက်၊ ဆေးဝါး၊စသည့် အရေးပေါ်အကူအညီများကို ပြည်သူများထံ ထိရောက်စွာ ပေးအပ်မှုရှ်ိပဲ နေပြည်တော်ရှိ ဂိုဒေါင်များတွင် သိမ်းဆည်းထားကြောင်းလည်း သိရသည်။
ထို့ပြင် စစ်ကိုင်းမြို့အတွင်းတွင်လည်း နှစ် ၇၀၀ ဘောလုံးကွင်းအတွင်းတွင်သာ အကူအညီများကို သိမ်းဆည်းထားပြီး မြို့ပေါ်လူထုအားလုံးထံ ထိရောက်စွာ ဖြန့်ဝေခြင်းမရှိကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့အစည်းကထုတ်ပြန်ထားသည်။
“ဖြစ်ရပ်အားလုံကို ခြုံပြီးကြည့်ရင် စစ်အုပ်စုက တဆင့်သွားရင် အကူအညီတွေဟာ ဘေးသင့်လူထုအားလုံးထံ မရောက်ပါဘူး။ ပြည်သူလူထုဆီ တကယ်ရောက်ချင်ရင် ပြည်သူလူထုကို တိုက်ရိုက်ထောက်ပံ့နိုင်မယ့်နည်းလမ်းတွေကို သုံးရပါမယ်။
စစ်ကိုင်းငလျင်မှာလည်း ကယ်ဆယ်ရေးအကူအညီတွေကို လက်နက်သဖွယ်အသုံးပြုနေတာတွေရှိပါတယ်။ ဒီအကူအညီတွေကို နိုင်ငံရေး အမြတ်ထုတ်တာတွေ ပြုလုပ်မှာ အင်မတန် စိုးရိမ်စရာကောင်းပါတယ်” ဟု Blood Money Campaign အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် မမေ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ငလျင်ဘေးဒဏ်သင့် လွတ်မြောက်နယ်များတွင်လည်း စစ်ကောင်စီက ဝင်ရောက်ခွင့်ကန့်သတ်ထားမှုများကြောင့် နိုင်ငံတကာ အကူအညီအနည်းငယ်သာရရှိကာ လုံးဝရရှိခြင်းမရှိသည့် ဒေသများလည်း ရှိနေကြောင်း သိရသည်။
ပြင်းထန်မြန်မာ့ငလျင်ဘေးအတွက် ပြည်တွင်း၊ ပြည်ပ မှ လှူဒါန်းသည့် မြန်မာကျပ်ငွေ ၁၁၅ ဘီလျံကျော် နှင့် အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ကိုလက်ခံရရှိထားကြောင်း စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဧပြီ ၂၅ ရက်နေ့တွင်ပြောကြားထားသည်။
စစ်ကောင်စီ၏ နိုင်ငံတကာအကူအညီများအပေါ် အလွဲသုံးစားပြုမှုများကြောင့် နိုင်ငံတကာအစိုးရများ နှင့် အဖွဲ့အစည်းများ အနေဖြင့် ငလျင်ဘေး အကူအညီများပေးအပ်ရာတွင် ပြည်သူလူထုထံ တိုက်ရိုက်ရောက်ရှိနိုင်ရန် NUG၊ EROs၊ CSOs၊ CBOs အဖွဲ့အစည်းများမှတဆင့် ထောက်ပံ့သင့်ကြောင်းလည်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့အစည်းက အကြံပြုပြောဆိုထားသည်။
ဓာတ်ပုံ – India in Myanmar
ပုံစာ – အိန္ဒိယနိုင်ငံမှ ပေးအပ်ခဲ့သည့်အကူအညီများ
#စစ်ကောင်စီ #နိုင်ငံတကာအကူအညီ #လိုအပ်သူထံမရောက် #စစ်ကိုင်းငလျင် #Ayeyarwaddy_Times