ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကောင်စီခန့် ကျုံတနိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရွာလုံခြုံရေးဟု အကြောင်းပြကာ အသက် ၃၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ အမျိုးသားများကို စုဆောင်းပြီး အဓမ္မ စစ်သင်တန်းပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓနုဖြူမြို့နယ်၊ ကျုံတနိကျေးရွာအုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ဦးဇော်ဝမ်းဖြစ်ပြီး ၎င်းသည် အသက် ၃၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ အမျိုးသားများကို စုဆောင်းကာ မြို့နယ်အတွင်း လက်နက်ကိုင် သင်တန်းများ ပေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အုပ်စုမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေသူလည်း ဖြစ်တယ်။ အုပ်စုမှာ စစ်တပ်မထောက်ခံသူတွေဆိုရင် အမျိုးမျိုး ဒုက္ခလိုက်ပေးတယ်။ ပြီးတော့ စစ်သင်တန်းကို ပို့တာတွေ လုပ်တယ်။ သူနဲ့ မတည့်ရင် PDF လို စွပ်စွဲပြီး စစ်တပ်လက်ထဲ ထည့်တာ” ဟု ကျုံတနိကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းသည် လက်နက်ကိုင် စစ်သင်တန်း တက်ရောက်နေသူများကို ထောက်ပံ့ရန်ဟု အကြောင်းပြ၍ တစ်အိမ်လျှင် ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းအထိ ထပ်မံ တောင်းယူနေကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ကျုံတနိကျေးရွာအုပ်စုရှိ မြေလွတ် နွားစားကျက်များကိုလည်း သိမ်းယူ၍ ၎င်းပိုင်ဆိုင်သည်ဟု ဆိုကာ ငါးကန်များ တူး၍ ငါးမွေးမြူကာ ပြန်လည် ရောင်းစားနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့် ရပ်ကျေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး အများစုမှာ ပြည်သူ့စစ်မှုထမ်း အကြောင်းပြ၍ ငွေကြေး တောင်းယူမှုများ ပိုမို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဧရာ၀တီတိုင်းတွင် ပြီးခဲ့သည့် မေ ၅ ရက်နေ့က ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၀) ကို သင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁၂) ကို ဖွင့်လှစ်၍ စစ်သင်တန်းပေးလျက်ရှိသည်။

#ဓနုဖြူ #ကျေးရွာအုပ်ချုပ်ရေးမှူး #အဓမ္မစစ်သင်တန်း #ပြည်သူ့စစ်မှုထမ်း #ငွေကြေးတောင်းခံ #Ayeyarwaddy_Times