
ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
ရှမ်းတောင်ဒေသဖြစ်သည့် ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း နှင့် မိုးဗြဲတွင် စစ်ကြောင်း ထိုးနေသည့် စစ်ကောင်စီ တပ်ဖွဲ့တို့နှင့် ၁၀ ရက်တာ နှစ်ဖက်တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၆ ရက် မှစတင်ကာ ယနေ့ မေ ၁၆ ရက်အထိ ဖယ်ခုံနှင့် ညောင်ရွှေ ဒေသသို့ အင်အား ၆၀၀ ကျော်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒရုန်းအကြီး နှစ်စင်းကိုလည်း ကရင်နီ တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန်ကြိုးစားနေသည့် စစ်ကောင်စီ၏ မိုးဗြဲမြို့တွင်း စစ်ကြောင်းနှင့်လည်း မေ ၁၄ ရက်နေ့က ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံး ခဲ့ကြောင်း သိရသည်။
“လက်ရှိစစ်ကြောင်း အခြေအနေက နည်းနည်းတော့ငြိမ်နေတဲ့အခြေအနေ ရှိနေပါတယ်။ အလင်းဝင် လာတဲ့ လူတွေကတော့ အကုန်လုံး တပ်သားသစ်တွေပဲ။ ပြည်သူ့စစ်အနေနဲ့ ပေါ်တာဖမ်းဆီးရင်းနဲ့ စစ်မြေပြင်ကိုပို့ခံရတဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါ့နော် ။ လောလောဆယ်တော့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတဲ့ အခြေအနေမှာရှိပါတယ်” ဟု ရှမ်းတောင်စစ်ဒေသခွဲ၊PDFဗျူဟာအမှတ်(၁) ပြောရေး ဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့အစည်းများဘက်သို့ ခိုလှုံ၍ အလင်းဝင်ရောက်လာသူ ၁၆ ဦးမှာ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရသည့် လူငယ်များဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ၏ စနစ်သစ်ပညာရေးဖြင့် ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝအောင်တန်း အောင်မြင်ထားသူများလည်းပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာ စစ်ကြောင်း၊ ဖယ်ခုံမြို့နယ် နှင့် ညောင်ရွေမြို့နယ်စပ် စစ်ကြောင်း စသည့် စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းကို ခုခံနေရပြီး တိုက်ပွဲအခြေနေဆက်လက်ပြင်းထန်နိုင်ကြောင်းလည်း သိရသည်။
ထိတွေ့တိုက်ပွဲများကို ရှမ်းတောင်ကယား(ကရင်နီ)စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာ အမှတ်(၁) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမှတ် p3-1003 တပ်ရင်း၊ p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပျားစစ်ကြောင်း တို့မှ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)
#ရှမ်းတောင် #ကရင်နီ #တိုက်ပွဲ #မိုးဗြဲတိုက်ပွဲ #စစ်တပ် #စစ်ကြောင်းထိုး #အလင်းဝင် #Ayeyarwaddy_Times