
ဧရာဝတီတိုင်းမ်
(မော်ချီး)၊ မေ ၁၁ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယမန်နေ့ ဧပြီ ၁၀ ရက်၊ နေ့လယ် ပိုင်းအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထံမှ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးဒေသရှိ အရပ်သား နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒါကတော့ သိတဲ့အတိုင်း စစ်ကောင်စီက တကယ့်ကိုမဟာဗျူဟာကျကျ နိုင်ငံအနှံ့အပြားမှာ လေယာဉ်နဲ့ ဗုံးကြဲမယ်ဆိုတဲ့အတိုင်းကိုလုပ်နေတယ်လို့ မှတ်ယူတယ်။ သေချာတာတစ်ခုကတော့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေဦးမှာပဲ။ ကျွန်တော်တို့ဘက်မှာလည်း ကျပန်းစစ်ဆေးမှုတွေကတော့ နိုင်သလောက်တော့လုပ်တယ်ပေါ့နော်။ အပြည့်အဝထိန်းချုပ်နိုင်မှာတော့ မဟုတ်ဘူးပေါ့နော်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည်မှာ ယခုအကြိမ်နှင့်ဆိုပါက လေးကြိမ် မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၂၄ ရက်၊ ၂၆ ရက်နေ့တွင်တစ်ကြိမ်၊ မတ် ၇ ရက်နေ့တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီသတင်းပေး နှင့် လုံခြုံရေးအခြေ အနေစိုးရိမ်မှုများကြောင့် မော်ချီးဒေသကို Star Link အင်တာနက်အသုံးပြုခွင့်တစ်လပိတ်ပင် လိုက်ကြောင်းကိုလည်း ပြီးခဲ့သည့် ဧပြီ ၂၈ ရက်တွင် ခရိုင်ပူး ပေါင်းအုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။
“အင်တာနက်တွေတချို့မြို့နယ်တွေမှာ တားမြစ်ချက်တွေ ကန့်သတ်ချက်တွေ ကလည်း ပြောစရာ ဖြစ်တာကျွန်တော်တို့နားလည်ပါတယ်။ အခြားတစ်ဖက်မှာလည်း အများသူငှာရဲ့လုံခြံရေးကို အကြိမ် ပေါင်းများစွာ ထိခိုက်ပျက်စီးမှုကနေ တစ်ကြိမ်နှစ်ကြိမ်ထိခိုက်ပျက်စီးမှုကို လျော့ချနိုင်ရင်အများကြီး သက်သာရာရတယ်လို့ပဲခံယူပါတယ်။ ရန်သူကရန်သူအလုပ်ကိုလုပ်တဲ့အတွက် အတက်နိုင်ဆုံး တားဆီး နိုင်ဖို့ကာကွယ်နိုင်ဖို့ လုပ်တဲ့သဘောပဲဖြစ်ပါလိမ့်မယ်” ဟု IECအတွင်းရေးမှူး-၂က အင်တာနက် ပိတ်ပင်သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားကို ပြောဆိုခဲ့သည်။
ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုများ ကြောင့် အရပ်သား ၁၈ ဦးနှင့်အထက်သေဆုံးခဲ့ပြီး ၃၉ ဦးနှင့်အထက်ဒဏ်ရာရရှိခဲ့ကြောင်း Karenni Human Rights Group ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင်နီ #မော်ချီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Time