ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၇ ရက်

ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးခီးတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်တို့သည် လက်နက်ခဲယမ်းများဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးခီးတပ်စခန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ဧပြီ ၂၈ ရက်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၁၀ ရက်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ထီးခီး တပ်စခန်းကို ထီးထဗျူဟာ ကုန်းကို မသိမ်းပိုက်ခင်ကတည်းက အားလုံးဝိုင်းထားတာ။ ဒီကောင်တွေ အထိနာသွားတော့ ထိုင်းဘက်အခြမ်းကို ထွက်ပြေးသွားကြတာ ၄၀ ကျော်ပြီ။ ရဲတပ်ဖွဲ့ ဝင်က ကိုးဦး နဲ့ စစ်ကောင်စီတပ်သားက ၃၀ ကျော်။ နည်းနည်း ကျန်နေတာကို ဆက်လက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်”ဟု ရှေ့တန်းစစ်မျက်နှာပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

၁၀ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်မှလည်း နှစ်ဦး ကျဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

“အခု တိုက်ပွဲမှာက အရှင်ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားမရှိဘူး။ အားလုံးကအသေပဲ။ သူတို့ (စစ်ကောင် စီဘက်) ကသေနေတာ ဆယ်ယောက်ကျော်ပြီ။ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း နှစ်ယောက်ကျထားတယ်။ ဗိုလ်လေး တစ်ယောက် နဲ့ ရဲဘော်တစ်ယောက်ပါ။ စခန်းကိုတော့ တိုက်နေတုန်းပဲ။ အပီးပြတ်မသိမ်းနိုင်သေးဘူး။ ဒါပေမယ့် မကြာမီသတင်းကောင်းကြားရလိမ့်မယ်” ဟု တော်လှန်ရေးရဲဘော်က ဆက်လက်ပြောကြားသည်။

တပ်မဟာ (၄) ဦးဆောင်သော KNU/KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များသည် ဧပြီ ၁၉ ရက်တွင် ထီးထဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

တော်လှန်ရေး ပူးပေါင်းတပ်များသည် တောင်သုံးလုံး၊ မေတ္တာနှင့် ထီးခီးလမ်း ကားလမ်းတစ်လျှောက်ကို စိုးမိုးထားသောကြောင့် စစ်ကောင်စီတပ်သည် အဆိုပါ လမ်းကြောင်းမှ စစ်ကူအင်အား ပို့ဆောင်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် လေကြောင်းမှတစ်ဆင့် ထိုင်းနယ်စပ်မြို့ဖြစ်သော နတ်အိမ်တောင်မှတစ်ဆင့် စစ်ကူများ ပို့ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရပြီး ထီးထဗျူဟာကုန်းနှင့် ထိုင်း – မြန်မာနယ်စပ်ရှိ ထီးခီးတပ်စခန်းတို့သည် မိုင်အားဖြင့် ၅ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကံပေါက်အခြေစိုက် ခလရ-၂၇၃ တပ်ရင်းသည် ထီးခီးတပ်စခန်းတွင် အခြေစိုက် တပ်စွဲထားကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

ပုံစာ-ထီးခီးတပ်စခန်း မှ ထိုင်းဘက်အခြမ်းသို့ လက်နက်ခဲယမ်း နှင့်တကွ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ။
#ထီးခီးစခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၁၀ဦးကျော်သေ #၄၀ကျော် #ထိုင်းနိုင်ငံဘက်ထွက်ပြေး #Ayeyarwaddy_Times