ဧရာဝတီတိုင်းမ်
မေ ၇ ရက်

စစ်ကောင်စီသည် ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေးအတွက် အပစ်ရပ်သက်တမ်း ထပ်မံ တိုးလိုက် ကြောင်း ယမန်နေ့ မေ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီက မေ ၆ ရက်မှ ၃၁ရက် လကုန်အထိ ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ထပ်တိုး လိုက်ခြင်း ဖြစ်ပြီး သုံးကြိမ်မြောက် သက်တမ်းတိုးခြင်းဖြစ် သည်။

စစ်ကောင်စီသည် ဧပြီ ၂ ရက်မှ ၂၂ နေ့ရက်ထိ တစ်ကြိမ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိတစ်ကြိမ် အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ယခုအခါ တတိယအကြိမ်အဖြစ် ထပ်မံအပစ်ရပ်ကြေညာခြင်း ဖြစ်သည်။

ထိုသို့ အပစ်ရပ်သက်တမ်းတိုးမှုသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတကာ ခရီးစဉ်ရှိတိုင်း အပစ်ရပ်ဟန်ပြသက်တမ်းတိုးပြီး နာမည်ကောင်းယူပြနေခြင်းသာဖြစ်ကြောင်း စစ်ရေး များကို လေ့လာသုံးသပ် ရေးသားနေသည့် CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုထားသည်။

“ဧပြီလ ၃၀ ရက်နေ့မှာ သက်တမ်းကုန်သွားတယ်။ ဒါပေမယ့် ဒီနေ့မင်းအောင်လှိုင် ရုရှားကိုသွားမယ် ပေါ့နော်။ သူသွားခါနီးရက်ကျမှသူကပ်တိုးတာ။ နိုင်ငံတကာကလူတွေနဲ့ စကားပြောတဲ့အခါမှာ သူပြောပြမှာပေါ့။ ကျွန်တော်ကတော့အပစ်ရပ်ခဲ့တယ်။ ဒါပေမယ့် တော်လှန် ရေးအင်အားစုတွေကို အကြမ်းဖက်အမည်တပ်ပြီးတော့ အကြမ်းဖက်တွေက တိုက်ခိုက်နေလို့သာ သူ့မှာပြန်လည်ပြီးတော့ ခုခံနေရတယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် လုပ်တာပဲဖြစ်ပါတယ်။ တကယ် တမ်း စိတ်စေတနာမှန်ရင် ၃၀ ရက်နေ့ကုန်ရင် မေလ ၁ ရက်နေ့မှာတိုးရမှာပေါ့နော်” ဟု CDM စစ်သား ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီသည် စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ၂၈ ရက်မှ ဧပြီ ၃၀ ရက်‌အထိ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု ၄၀၀ ကျော်ရှိခဲ့ပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသ သတင်းဖော်ပြချက်များ၏ အချက်အလက်များကို စုစည်းထားမှုအရ သိရသည်။

“စစ်ကောင်စီက ဒီလိုထုတ်ပြန်စာသာထုတ်ပြန်တာပါ။ လေကြောင်းတိုက်ခိုက်မှုတွေရော မြေပြင် စစ်ကြောင်း ထိုးတာတွေရော ရပ်တန့်မသွားပါဘူး။ တစ်ခုမှတ်မိဦးမယ်ထင်ပါတယ်။ သူထိုင်းနိုင်ငံကို သွားခါနီးတုန်းကလည်း အပစ်ရပ်တယ်ဆိုပြီး ကြေညာသွားခဲ့တာမျိုးရှိပါတယ်။ နိုင်ငံခြားခရီးစဥ်မှာ နိင်ငံတကာကို လှည့်စားချင်လို့ အပစ်ရပ် သက်တမ်းတိုးတယ်လို့ ထုတ်ပြန်ခြင်းမျှသာဖြစ်ပါတယ်။ တကယ်ကတော့ အပစ်လည်းမရပ်ပါဘူး အကြဲလည်းမရပ်ပါဘူး” ဟု CDM စစ်သား ဗိုလ်ကြီး ဇင်ယော်က ဆက်လက်ပြောကြားသည်။

ထို့အပြင်ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အချက်အလက်များအရ စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ လေးလအတွင်းလေကြောင်း တိုက်ခိုက်မှု ၁၀၀၅ ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၆၆၅ ဦးရှိပြီး ထိခိုကိဒဏ်ရာရရှိသူ ၁၂၃၆ ဦးရှိကြောင်း သိရသည်။

ပုံစာ- အပစ်ရပ်စဲသည်ဟု စစ်ကောင်စီထုတ်ပြန်ပြီးနောက် မန္တလေးတိုင်းအတွင်းရှိ လိပ်ကျရွာနှင့် ရေထွက်ရွာကို ရက်ပိုင်းသာခြားပြီး လေကြောင်းမှဗုံးကြဲခဲ့ရာကလေးငယ်အပါအဝင် ဒါဇင်နှင့်ချီ သေဆုံးခဲ့ မှုဖြစ်စဉ်၊
#အပစ်ရပ်စဲမှု #ဟန်ပြ #သက်တမ်းတိုး #စစ်ခေါင်းဆောင် #Ayeyarwaddy_Times