(ဟားခါး)၊ဧရာဝတီတိုင်းမ်
မေ ၄ ရက်

မြို့တော် ဟားခါးအပါအဝင် ချင်းပြည်နယ် တစ်ပြည်နယ်လုံး ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စီးမီးတို့ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ ပြည်နယ်ရုံးစိုက်ရာ ဟားခါးမြို့သည် ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်နှင့် လျှပ်စစ်မီးတို့ ပုံမှန်ရရှိသည့် တစ်ခုတည်းသောမြို့ဖြစ်သော်လည်း ပြီးခဲ့သည့် မတ်လ တတိယပတ်မှစ၍ ပြတ်တောက်နေခြင်းဖြစ်သည်။

“လျှပ်စစ်မီးကတော့ လုံးဝ မရတော့တာ တစ်လကျော်ပါပြီ။ ဖုန်းလိုင်းကလည်း အဲကတည်းကနေ မရတော့တာပါ။ ဒါပေမယ့် ဖုန်းလိုင်းကတော့ ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေတယ်။ ဒီနေ့လည်း အော်ရီဒူးကတ်က ဖုန်းလိုင်း ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေပါတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင်က ဟားခါးမြို့တွင် MPT၊ Atom နှင့် Oredoo ဆင်းကတ်တို့ဖြင့် ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတို့ကို အသုံးပြု၍ရရှိပြီး လက်ရှိတွင် Oredoo ဖုန်းလိုင်းတစ်ခုတည်းသာ ရံဖန်ရံခါမှ အသုံးပြုနိုင်ကြောင်း သိရသည်။

ဟားခါးမြို့တွင် တိုက်ပွဲများမရှိသလို စစ်ရေးလှုပ်ရှားမူလည်းမရှိဘဲ ပုံမှန်အခြေအနေမျိုးတွင် လျှပ်စီးမီး၊ ဆက်သွယ်ရေးဖုန်းလိုင်း နှင့် အင်တာနက်လိုင်းတို့ ပြတ်တောက်ခြင်းဖြစ်ကြောင်း CDF-Hakha ထံ မှ သိရှိရသည်။

“လက်ရှိ ဟားခါးမှာ တိုက်ပွဲမရှိသေးဘူး။ နှစ်ဖက်စလုံး စစ်ရေးလှုပ်ရှားတာမရှိသေးဘဲ ငြိမ်နေတဲ့ အနေထားမှာ ရှိပါတယ်။ ဒီလိုအခြေအနေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတယ်။ အင်တာနက်ကို ဝိုင်ဖိုင်၊ စတားလင့်တို့နဲ့ သုံးကြပါတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ရုံးများတွင် လုပ်ငန်းများ လှည်ပတ်နိုင်စေရေးအတွက် လျပ်စီးမီးကို မီးစက်ဖြင့် မီးပေးပြီး ဆက်သွယ်ရေး အင်တာနက်လိုင်းကို ဝိုင်ဖိုင်စက်များ တပ်ဆင်ပေး၍ အသုံးပြုခွင့်ရရှိကြောင်း သိရှိရသည်။

ချင်းပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ တွန်းဇံ၊ ကန်ပက်လက်၊ ဖလမ်းနှင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ထန်တလန်နှင့် တီးတိန် စသည့်မြို့များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ကတည်းက လျှပ်စစ်မီး၊ ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်တို့ ပြတ်တောက်ခြင်းဖြစ်သည်။

#ချင်းပြည်နယ်#လျှပ်စစ်မီး#ဆက်သွယ်ရေး ဖုန်းလိုင်း#အင်တာနက်လိုင်း #Ayeyarwaddy_Times