နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၄ ရက်

စစ်ကောင်စီက စစ်ရှုံးကာလက်လွှတ်လိုက်ရသည့် မြို့ငါးမြို့ကို ပြန်လည်ရရှိစေရန် တရုတ် အစိုးရနှင့်အတူ ပိတ်ဆို့ဖိအားပေး၍ လုပ်ဆောင်နေမှုအပေါ် ဒေသတွင်း ပြည်သူလူထုကို ရှေးရှုကာ ဆွေးနွေးရပ်တည်သွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) ထံမှ သိရသည်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရှုံးလာသော စစ်ကောင်စီနှင့် တရုတ်အစိုးရတို့သည် ၂၀၂၄ ခုနှစ်မှစတင်၍ နယ်စပ်ဒေသဂိတ်များနှင့် ကားလမ်းကြောင်းများကို ပိတ်ဆို့ကာ ဖိအားပေးခြင်းအပြင် ဖြတ်လေးဖြတ်၊ ဖြတ်ငါးဖြတ် နည်းလမ်းများဖြင့်လည်း လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက အပစ်ရပ်မည်ဟု ဆိုနေသော်လည်း လေကြောင်းအပါအဝင် တိုက်ခိုက် မှုများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း TNLA တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက ယနေ့ မေ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းမ် သတင်းဌာနနှင့် မီဒီယာတချို့၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။

“ဖိအားပေးမှုကတော့ အခုထိ တောက်လျှောက်ရှိခဲ့တယ်။ အထူးသဖြင့် လူထုအပေါ် ထိခိုက်မှုက အလွန်ပြင်းထန်ခဲ့တယ်။ ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမျိုးမှာလည်း လူထုကို ဦးထိပ်ထား ရှေးရှုပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်။ အဲဒီအတိုင်းပဲ လောလောဆယ် ရပ်တည်သွားဖို့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

စစ်ကောင်စီက လက်ရှိတွင် TNLA သိမ်းယူထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့ကို ပြန်လည်လိုချင်သောကြောင့် တရုတ်အစိုးရ၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ပြုလုပ်သော ဆွေးနွေးပွဲများတွင် တောင်းဆိုခဲ့၍ နောက်ဆုံးကူမင်း တွေ့ဆုံပွဲကို ရက်ရွေ့လိုက်ကြောင်း သိရသည်။

“အဓိကဖိအားကတော့ လူထုအပေါ် ကျရောက်တဲ့ ဖိအားပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဝင်ရောက်ပြီး ဦးစီးကွပ်ကဲမှုအပေါ် ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ချဥ်းကပ်မှုအပေါ် ကွဲပြားသွားတော့ အဖြေရှာတဲ့ နေရာမှာလည်း ကွဲသွားတာပေါ့” ဟု ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

ယင်းအပြင် သိမ်းပိုက်ရရှိ၍ တာဝန်ယူထားသည့် နယ်မြေဒေသတွင်းရှိ ပြည်သူလူထု၏ အသက် ဘဝလုံခြုံမှု၊ စည်းစိမ်ဥစ္စာ လုံခြုံမှုနှင့် စားဝတ်နေရေး ပြေလည်မှုများကို အဓိကထား စဥ်းစားကာ ၎င်းတို့ရပ်တည်ချက်အဖြစ် ခံယူထားကြောင်း TNLA တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လထံက သိရသည်။

TNLA ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သော ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့က တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် ကူမင်းမြို့တွင် စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သော်လည်း အဆင်မပြေခဲ့သောကြောင့် လာမည့် ဩဂုတ်တွင် ထပ်မံဆွေးနွေးမည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-TNLA
#စစ်ကောင်စီ #စစ်ရှုံးမြို့များ #တရုတ်ဖိအားပေးလုပ်ဆောင် #လူထု #ဦးစားပေးရပ်တည် #TNLA #Ayeyarwaddy_Times