ဧရာဝတီတိုင်းမ်
မေ ၃ ရက်

တနင်္သာရီ တိုင်း ၊ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာမှာ ဧပြီလ ၃၀ ရက် ည ၆နာရီခန့်က စစ်ကောင်စီတပ်သားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပြီး ၎င်း၏အလောင်းကိုလာရောက်သယ်ယူသော ပျူစောထီးများပါဝင်သည့် ကားကို တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်ခဲ့သည့် စစ်ကောင်စီတပ်သား မှာ ဝါရစ်ရွာတံတားတွင် တပ်စွဲနေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“သူ့ကိုယ်သူ သေနတ်နဲ့ သတ်သေသွားတဲ့ စစ်ကောင်စီတပ်သားက ဝါရစ်ရွာ တံတားမှာ တပ်စွဲ နေထိုင်တဲ့ တပ်သားပါ။ဖိအားတွေ များလို့ အခုလိုသတ်သေသွားတာဖြစ်နိုင်တယ်”ဟု ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်-ပကဖ မှ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သားသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီးနောက် ဧပြီ ၃၀ ရက်နေ့ ည ၇နာရီ ခန့်တွင် မောင်းလှော်ရွာရှိ ပျူစောထီးများက အလောင်းလာရောက်သယ်ယူရန် ကားနှင့်ထွက်လာချိန်တွင် ပြင်ဝန်းရွာ ရေတံခွန်အနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“သေသွားတဲ့ စစ်ကောင်စီတပ်သားအလောင်းကိုလာကောက်တဲ့ အချိန်မှာ မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တယ်။ ကားမှာ ပါလာတာက ပျူ ခြောက်ယောက်လောက်ရှိတယ်။ ပျူခေါင်းဆောင် ထွန်းဝေက ပွဲချင်းပြီးသေသွားတယ်။သူ့အလောင်းကို မောင်းလှော်ရွာ မှာ ၅ ရက်ထားမယ်။ ပျူအဖွဲ့ဝင် လေး ဦးထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ပျုအဖွဲ့ဝင်တွေကို မြိတ်ဆေးရုံသို့ပို့ဆောင် ထားတယ်”ဟု ကျွန်းစုမြို့နယ်ပကဖ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အဆိုပါတိုက်ခိုက် မှုကြောင့် ပျုစောထီးခေါင်းဆောင် ဦးထွန်းဝေ သေဆုံးကာ လေး ဦးဒဏ်ရာရရှိခဲ့ပြီး ကားမှာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားသည် မောင်းလှော်ရွာ ၊ဇေကမိရွာ မှ အရပ်သားကားဖြစ်ပြီး ပျူစောထီးများချောဆွဲလာခြင်းဖြစ်ကာ တိုက်ခိုက်ခံရချိန်တွင် ကားမောင်းသမားမှာ ထွက်ပြေးသွား၍ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ နှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ကျွန်းစု #ကိုယ့်ကိုယ်ကိုအဆုံးစီရင် #စစ်ကောင်စီတပ်သား #ပျူစောထီးကား #မိုင်းဆွဲခံရ #Ayeyarwaddy_Times