(ဟားခါး)၊ဧရာဝတီတိုင်းမ်
မေ ၃ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်သူဟန်ဆောင်၍ သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အရှင်ဖမ်းဆီးရမိကြောင်း ချင်းကာကွယ်ရေးတပ် (ဟားခါး) တာဝန်ရှိသူထံက သိရသည်။

ချင်းပြည်ဝန်ကြီးအိမ်ရာတွင် တပ်စွဲထားသည့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ပြည်သူဟန်ဆောင်၍ ဟားခါးမြို့တွင် သတင်းထောက်လှမ်းနေစဥ် မေ ၁ ရက်နေ့တွင် CDF-Hakha မှ အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“အခုဖမ်းမိတဲ့ ရဲနှစ်ယောက်က ရပ်ကွက်ထဲမှာ အရပ်သားလိုလို ပြည်သူလိုလို ဟန်ဆောင်ပြီး သတင်းတွေ ထောက်လှမ်းနေတာကို ကျွန်တော်တို့က ဖမ်းဆီးရမိခဲ့တာပါ။ ရာထူးက နှစ်ယောက်လုံး ရဲတပ်သားတွေပါပဲ။ တစ်ယောက်က ပဲခူးဘက်က ဇာတိ၊ နောက်
တစ်ယောက်ကျတော့ မန္တလေးဇာတိပါ” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီ ရဲတပ်သားနှစ်ဦးကို CDF-Hakha က လုံခြုံသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက် အရေးယူဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု သိရှိရသည်။

ထို့အပြင် ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွား၊ လမ်းလာ ပြည်သူများကို ငွေညှစ်တောင်းခံ လုယက်မှုများ လုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီအဖွဲ့ဝင်များကို လိုက်လံအရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

“ဝန်ထမ်းအိမ်ရာတပ်စွဲထားတဲ့ စကစတွေက တောင်ယာသွားတဲ့ ပြည်သူတွေကို ရပ်ခိုင်းပြီး ပါလာတဲ့ပိုက်ဆံတွေ တောင်းခံလုယူတယ်။ တောင်ယာက ပြန်လာတဲ့ပြည်သူတွေဆွကလည်း ဟင်းသီးဟင်းရွက်တွေ လုယူတယ်။ အဲလိုတွေ လုပ်နေတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ကလည်း ဟားခါးမြို့တွင် ပြည်သူထံမှ ငွေညှစ်တောင်းခံနေသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို လုယူထားသည့် ငွေကြေးနှင့် စားသောက်စရာများနှင့်အတူ CDF-Hakha က ဖမ်းဆီးရမိခဲ့သည်။

လက်ရှိ ဟားခါးမြို့တွင် နှစ်ဖက်စစ်ရေးအခြေအနေ လှုပ်ရှားခြင်းမရှိသည့်အတွက် ငြိမ်သက်နေကြောင်း သိရသည်။

#ဟားခါးမြို့ #သတင်းထောက်လှမ်းနေသည့် #စစ်ကောင်စီ #ရဲတပ်ဖွဲ့နှစ်ဦး #ဖမ်းဆီးရမိ #Ayeyarwaddy_Times