မအူပင်မှာ စားအုန်းဆီ ၁ ပိဿာ ၄၃၀၀ ကျပ်နဲ့ တဦးကို ၁ ပိသာနှုန်းအချိန်ပိုင်းနဲ့ ရောင်းချပေးနေလို့ တိုးကြိတ်ဝယ်ယူနေကြရ

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(မအူပင်)၊ ဩဂုတ်လ ၂၅ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စားအုန်းဆီဈေး ၁ ပိဿာ ၁ သောင်း ၂ ထောင်ကျော်ပေးဝယ်နေရချိန်မှာ ကုမ္ပဏီ တစ်ခုက ၁ ပိဿာ ၄၃၀၀ ကျပ်နှုန်းနဲ့ အချိန်ပိုင်းလာရောက်ရောင်းချပေးနေတယ်လို့ သိရပါတယ်။

အမှတ် ၃ ရပ်ကွက်က ဈေးလမ်းနဲ့ မင်းလမ်းဒေါင့်က ကုန်စုံဆိုင်မှာ စားအုန်းဆီ ၁ ပိဿာကို ၄၃၀၀ ကျပ်နဲ့ ဩဂုတ်လ ၂၄ ရက်နေ့က စတင်ရောင်းချပေးနေတာဖြစ်ပြီး လူတဦးကို ၁ ပိသာနှုန်းသာဝယ်ယူခွင့်ရလို့ တန်းစီပြီးလုယက်တိုးကြိတ်ဝယ်ယူနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

နေ့လည် ၁၂ နာရီကနေစတင်ပြီး အကန့်အသတ်နဲ့သာရောင်းတာကြောင့် နေပူ၊မိုးရွာထဲ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတယ်လို့ သိရပါတယ်။

“ ရောင်းပေးနေတာတော့ ဟုတ်တယ် ကုမ္ပဏီကလာချပေးတာကို ရောင်းတာဖြစ်မယ်။ စားအုန်းဆီစျေးကလက်ရှိ ၁၂၀၀၀ လောက်ဖြစ်နေတာ၊ ဈေးနှုန်းက ကြီးနေတဲ့အချိန် ခုလိုမျိုးရောင်းပေးတော့ ဒေသခံတွေအတွက် အဆင်ပြေပါတယ်။ နေ့လည် ၁၂ နာရီလောက်စရောင်းတာ၊နေပူပူမိုးရွာရွာတန်းစီဝယ်ရတာပေါ့။ တယောက်ကို တပိသာဘဲရောင်းပေးတယ်။

သူတို့ရောင်းတဲ့အချိန်လေး ဒီစျေးနဲ့ရတော့ တိုးကြိတ်ပြီးအလုအယက်တန်းစီဝယ်ရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသုံး ကုန်ပစ္စည်းတွေ ၂ ဆကျော်ဈေးမြှင့်တက်လာပြီး အခြေခံလူတန်းစားမိသားစုဝင်တွေရှိ အိမ်ရှင်မတွေအတွက် အဓိကစိန်ခေါ်မှုမှာ စားသုံးဆီဈေးဖြစ်နေပြီး ဧရာဝတီ တိုင်းကမြို့နယ်အချို့မှာ ဩဂုတ်လဆန်းပိုင်းကစတင်ကာ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့သူတွေက ဈေးလျော့ရောင်းပေးလာတာလို့ ဒေသခံတွေဆီက

သိရပါတယ်။

လက်ရှိမှာ စားအုန်းဆီ ရည်ညွှန်းစျေးနှုန်း ၁ ပိသာ ၄၆၀၀ ကျပ်လို့ စစ်ကောင်စီကထုတ်ပြန်ပေမယ့် ပြင်ပစားအုန်းဆီစျေးမှာတော့ ၃ ဆခန့်ကွာဟနေပြီး ၁ ပိသာ ၁၂၀၀၀ ကျပ်အထိဝယ်ယူစားသုံးနေရတာဖြစ်ပါတယ်။

#AyeyarwaddyTimes