
ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ မတ် ၁၅ ရက်
ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်တပ် နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ယမန်နေ့ မတ် ၁၄ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံက သိရသည်။
စစ်ကောင်စီသည် မတ် ၁၃ ရက်နေ့ တိုက်ပွဲအတွင်း အင်အားအများအပြားဖြင့် ထိုးစစ်ဆင်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းကင်းနေရာအချို့ ဆုတ်ခွာပေးခဲ့ရသည့်အတွက် မတ် ၁၄ ရက်နေ့ တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြားရရှိကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“မိုးဗြဲမှာကတော့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလိုက် တော်လှန်ရေး တပ်ဖွဲ့တွေက သူတို့ကို ခုခံတိုက်ခိုက်လိုက်၊ စစ်ကောင်စီရဲ့ရှေ့ထွက် ကင်းတွေကို ချေမှုန်းလိုက် စသဖြင့် ပေါ့နော် အပြန်အလှန်တိုက်ခိုက်နေတာတွေ ရှိနေပါတယ်” ဟု KNDF ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံက လက်နက် ကိုး လက် ရရှိခဲ့ပြီး KNDF/B-03 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
မိုးဗြဲတိုက်ပွဲသည် သုံးလ ဝန်းကျင်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီ၏ ခမရ- ၄၂၂ တပ်ရင်း နှင့် ၎င်းမှထွက်လာသည့် စစ်ကြောင်းတို့သည် မိုးဗြဲမြို့တွင်းရှိ ရပ်ကွက်အချို့တွင် တော်လှန်ရေး အင်အားစုများနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်ကတော့ အများအားဖြင့် ဓာတုဗုံးတွေသုံးတယ် သူတို့က ဒရုန်းတွေ လေကြောင်း တိုက်ခိုက်မှုတွေလုပ်တယ်။ ဆူဆိုက်(အသေခံ)ဒရုန်းတွေလည်း သုံးတာ ပိုများလာတယ်။ အဓိက ကတော့ စစ်ကောင်စီဘက်က မိုးဗြဲမြို့ကို အပြည့်အဝပြန်ထိန်းချုပ်ချင်လို့ဖြစ်တယ်” ဟု တာအယ်စိုးက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် မိုးဗြဲတိုက်ပွဲအတွင်း မီးလောင်ဗုံးများကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်များတွင် နေအိမ် ၁၅ လုံးနှင့်အထက် မီးလောင်ပျက်စီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကိုရရှိရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာမှစတင်ကာ လူအင်အား၊ လက်နက်အင်အား သာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်မှုများလုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁)ဗျူဟာ၊ KNDF နှင့် အခြား မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုများမှ ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – KNDF
#ကရင်နီ #မိုးဗြဲတိုက်ပွဲ #စ်စကောင်စီ #ထိုးစစ်ဆင် #KNDF #Ayeyarwaddy_Times