မအူပင် ခလရ ၂၇ ထဲမှ မိုင်းပေါက်ကွဲသံများကြားနေရ

အောင်မြသန်း/ ဧရာဝတီတိုင်းမ်

(မအူပင်)၊ ဩဂုတ်လ ၂၀ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အခြေစိုက် ခလရ ၂၇ တပ်ထဲက ဩဂုတ်လ ၁၉ ရက်နေ့ကစတင်ပြီး ပေါက်ကွဲသံ တွေကြားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမှတ် ၂၇ ခြေလျင်တပ်ရင်းထဲက မိုင်းကွဲသလို ကျယ်လောင်တဲ့အသံတွေကို မအူပင်မြို့တဘက်ကမ်းမှာရှိတဲ့ အိမ်တွေကနေကြားရပြီး မြေကြီးတွေတုန်တဲ့အထိ ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ပေါက်ကွဲသံက အကျယ်ကြီး မြစ်တဘက်ကမ်းကနေကြားနေရတယ် မြေကြီးတွေပါတုန်တယ် ဗုံးလာကျဲ တာလား မိုင်းကွဲသလား ထင်ရတယ် အရင်က ဒီလိုပေါက်ကွဲသံမျိုးမကြားမိဘူး”လို့ မအူပင်မြို့ခံ ပြည်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ နီးစပ်သူအချို့ကတော့ ခလရ ၂၇ ထဲမှာ ပေါက်ကွဲသံတွေထွက်တာဟာ မှန်ကန်ပြီး ပေါက်ကွဲတာမျိုးမဟုတ်ဘဲ သုံးဖို့ရက်လွန်သွားတဲ့ လက်နက်ခဲယမ်းတွေကို ဖောက်ခွဲဖျက်စီးတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

မအူပင်မြို့အခြေစိုက် ခလရ ၂၇ ထဲက ပေါက်ကွဲသံတွေထွက်နေတာနဲ့ ပတ်သက်ပြီး မိုင်းပေါက်ကွဲတာလား သုံးမရတော့တဲ့ လက်နက်ခဲယမ်းတွေကို ဖောက်ခွဲဖျက်စီးတာလားဆိုတာကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာန အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

မအူပင်မြို့မှာ ခုလိုမျိုး ပေါက်ကွဲသံအကျယ်ကြီးကြားရပြီး မြေကြီးတွေတုန်တဲ့အထိ ပေါက်ကွဲတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မအူပင် #ခလရ၂၇ #ပေါက်ကွဲသံ

#Ayeyarwaddy_Times