ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF ) ရုံးချုပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာန သုံးခု နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြ ထားသည်။
UNICEF မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် UNICEF က လက်ရှိထောက်ပံ့နေသောလုပ်ငန်းအစီအစဉ်များ အပါအဝင် UNICEF နှင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကာကွယ်ဆေးတိုးချဲ့ထိုးရေးလုပ်ငန်းများနှင့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရန် ပါဝင်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် မလုံခြုံမှုများတဖြည်းဖြည်းမြင့်တက်လာပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၂ သန်းကျော်ရှိကာ ၄၀ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်ကြောင်း UNICEF မြန်မာထံက သိရသည်။
လက်ရှိတွင် UNICEF ၏ ထောက်ပံ့မှုဖြင့် ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ် ဆေး ( Oral Cholerae Vaccine ) တိုက်ကျွေးနေကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် တနင်္သာရီတိုင်း၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုများ ဖြစ်ပေါခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်မှ ၁၁ ရက်အတွင်း ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရသူ ၄၀၈ ဦးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့်ဆေးရုံတက်ရသူ ၁၆၇ ဦး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – MOI
#စစ်ကောင်စီဝန်ကြီးဌာနများ #UNICEFရုံးချုပ် #ကိုယ်စားလှယ်အဖွဲ့ #တွေ့ဆုံ #Ayeyarwaddy_Times