အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဩဂုတ်လ ၁၆ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဩဂုတ်လဆန်းပိုင်းက စတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေကို ဖမ်းဆီးကာ ချလံမပေးဘဲ ငွေတောင်းတာတွေပြုလုပ်လာတယ်လို့ သိရပါတယ်။
ယာဉ်ထိန်းရဲတွေက အရင်က ရုံးပိတ်ရက်တွေမှာသာ ဖမ်းဆီးငွေတောင်းတာတွေရှိခဲ့ပေမယ့် စစ်ကောင်စီ တပ်သားတွေက ဩဂုတ်လဆန်းပိုင်းကစတင်ကာ ဒေသခံလမ်းသွားလမ်းလာတွေကို သေနတ်နဲ့ချိန်ရပ်တန့်စေ ပြီးငွေတောင်းတာတွေပြုလုပ်လာတာလို့ မြို့ခံတွေက ပြောပါတယ်။
“ အရင်ကဆို ရုံးပိတ်ရက်လောက်ပဲဖမ်းတာ ခုက နေ့တိုင်းဖမ်းပြီး ပိုက်ဆံတောင်းနေတာ ဘာကြောင့်ဖမ်းတယ် ဆိုတာမရှိဘူး အကြောင်းအမျိုးမျိုးပြဖမ်းပြီး ငွေတောင်းနေတာ အရင်ကဆို ယာဉ်ထိန်းရဲကဖမ်းတာ ခုစစ်သား တွေကဖမ်းပြီး ရသလောက်တောင်းတဲ့ပုံစံမျိုးလုပ်နေတာ”လို့ မအူပင်မြို့ခံ အမျိုးသားတဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ကလ မအူပင်မြို့က ကမ်းနားလမ်း၊ တိုးရွှေဝါခန်းမနားမှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို သေနတ်တွေနဲ့ချိန်ကာတားပြီး ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နဲ့ ဦးထုတ်မဆောင်းတာတွေကို ဒဏ်ရိုက်တာတွေလုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်တွေကို ဖမ်းဆီးတဲ့အခါ ယာဉ်ထိန်းရဲတွေကို ချလံဖြတ်ပြီး ဒဏ်ကြေးဆောင်ခိုင်းတာမျိုးမဟုတ်ဘဲ အကြောင်းအမျိုးမျိုးပြဖမ်းဆီးကာ ဒဏ်ငွေဆောင်ခိုင်းတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။