ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာရွာမှ မြိတ်မြို့သို့ ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ညပိုင်းက စက်လှေ ဖြင့်ပြန်လာချိန်သည် စက်လှေတစ်စီး တိမ်းမှောက်သဖြင့် လူ ၇၀ ပျောက်ဆုံးပြီး ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိသည့် သေဆုံးအလောင်း အချို့ကို သရဏဂုံတင်ပေးပြီးဖြစ်ကြောင်း ကျောက္ကာရွာ ဆရာတော်ထံက သိရသည်။

သီတင်းကျွတ် ပိတ်ရက်တွင် မြိတ်မြို့မှ ကျောက္ကာရွာသို့ ပြန်လာကြပြီး ကျောင်းဖွင့်ရက်၊ ရုံးဖွင့်ရက်အတွက် ကျောက္ကာရွာမှနေ၍ မြို့ကိုပြန်သည့် အောက်တိုဘာ ၂၀ ရက် ည ၉ နာရီကျော်က ပင်လယ်ပြင်တွင် စက်လှေတိမ်း မှောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“လမ်းမှာရေဝဲဆုံပြီးမှောက်သွားတာ။ ကျွန်မ တူမသုံးယောက်ပါသွားတယ်။ တစ်ယောက်ပဲ အလောင်းရ တယ်” ဟု ဒေသအမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါစက်လှေပေါ်တွင် ခရီးသည် ၁၀၀ ကျော်လိုက်ပါလာပြီး ကျောင်းသားကျောင်းသူများ၊ အသက်အရွယ်ကြီး သူများနှင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူများ ပါဝင်ကြောင်း သိရသည်။

ကျောက္ကာရွာသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းတည်ရှိပြီး မြိတ်မြို့မှ ရေမိုင် ၂၃ မိုင်ကွာဝေးပြီး စပီဘုတ်( speed boat) ဖြင့်သွားလျှင် အချိန် ၄၅ မိနစ်ကျော်ကြာမြင့်သည့်ခရီးဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေပြင်၊မြေပြင်လှိုင်းမြင့်တက်နေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အရှင်သုန္ဒရ
#ပုလောမြို့နယ် #ပင်လယ်ပြင် #ကျောက္ကာရွာ #စက်လှေတိမ်းမှောက် #လူ၇၀ကျော်ပျောက်ဆုံး #သေဆုံးသူများ #သရဏဂုံတင် #Ayeyarwaddy_Times