
ဧရာဝတီတိုင်းမ်
သြဂုတ် ၂၉ ရက်
ချင်းပြည်နယ်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့များတွင် ငွေသာများပြတ်လပ်နေသည့်အတွက် နှစ်လကျော်ကြာ ပုံမှန်လစာ ထုတ်ယူနိုင်ခြင်းမရှိတော့သည့်အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်တွေ့နေကြကြောင်း Non CDM ဝန်ထမ်းများထံက သတင်းရရှိသည်။
စစ်ကောင်စီသည် ချင်းပြည်နယ်ရှိ မြို့နယ်စီးပွားရေးဘဏ်များသို့ ငွေသားများ ပေးပို့နိုင်ခြင်းမရှိတော့သည့်အတွက် ဘဏ်များတွင် ငွေသားများပြတ်လပ်နေကာ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non CDM ဝန်ထမ်းများကိုလည်း ပုံမှန်လစာ ထုတ်ပေးနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
ဟားခါးမြို့ရှိ ဌာနဆိုင်ရာ Non CDM ဝန်ထမ်းများသည် နေ့စဥ်ရုံးတက်နေရသော်လည်း ပုံမှန်လစာကို မေလထိသာရရှိပြီး ဇွန်၊ ဇူလိုင်လအတွက် နှစ်လစာကို ဩဂုတ်လကုန်ပိုင်းအထိထုတ်ယူခွင့်မရရှိသေးကြောင်း နှင့် အဆိုပါ လစာများမရရှိသည့်အတွက် မိသားစု စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်တွေ့နေရကြောင်း သိရှိရသည်။
“ပုံမှန်လစာ မရတာက နှစ်လလောက်ရှိပါပြီ။ ကျွန်တော်တို့ ဌာနတစ်ခုလုံးပါဘဲ ဘယ်သူမှမရကြတော့ဘူး။ တခြားဌာနတွေလည်း မရရှိတော့ဘူးလို့ သိပါတယ်။ ဒါပေမဲ့ လစာရတဲ့ ဌာနတွေက ရတယ်လို့ ပြောကြတယ်။ ဘဏ်မှာ ငွေသားတွေပြတ်နေလို့ အခုလို လစာမထုတ်ပေးနိုင်တာလို့ သိရပါတယ်။ တစ်လလည်းမဟုတ်၊ နှစ်လလည်းမဟုတ် လစာမရတဲ့အတွက် လက်ရှိကုန်စျေးနှုန်းတွေနဲ့ စားဝတ်နေရေး ဘယ်လို့မှ အဆင်ပြေဘူး။ မနည်းရုန်းကန်နေရတယ်” ဟု ဟားခါးမြို့မှ Non CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြေပြင်လမ်းကြောင်းများကို ချင်းကာကွယ်တပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီက ဟားခါးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ယခင်က ရဟတ်ယာဥ်ဖြင့် ငွေသားများ ပို့ပေးနေရသော်လည်း ယခုခါ ငွေသားများ ပို့ပေးခြင်းမရှိသောကြောင့် သိရှိရသည်။
အလားတူ တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်လည်း ငွေသားများပြတ်နေသည်ဟုဆိုကာ Non CDM ဝန်ထမ်းများလည်း ပုံမှန်လစာကို မေလထိသာ ရရှိသေးပြီး ဇွန်၊ ဇူလအတွက် လစာမရရှိသေးကြောင်း သိရရှိရသည်။
“အရင်က ကျွန်တော်တို့ လစာတွေကို ကလေးမြို့ ဘဏ်ကနေ ငွေလွှဲပေးပြီး တီးတိန်က စီးပွားရေးဘဏ်မှာ ငွေထုတ်ကြတယ်။ ထုတ်လို့ရတယ်။ အခု တီးတိန်က စီးပွားရေးဘဏ်တွေမှာလည်း ငွေပြတ်နေတဲ့အတွက် ဘယ်လို့မှငွေထုတ်လို့မရဘူး။ Kpay ၊ Wave pay ဆိုင်တွေလည်း ငွေလွှဲလို့ဘဲရတယ်၊ထုတ်လို့က မရဘူး။”ဟု တီးတိန်မြို့ Non CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့ရှိ Non CDM ဝန်ထမ်းတချို့သည် ၎င်းတို့ မိသားစုစားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ဆွေမျိုးအသိုင်းဝိုင်းထံက ငွေကြေးအကူညီတောင်းခံပြီး နေ့စဉ်စားဝတ်နေရေးဖြေရှင်းနေရသည်ဟုဆိုသည်။
ထို့အပြင် ဖလမ်းမြို့ရှိ Non CDM ဝန်ထမ်းများသည် လစာကို ဇွန်လထိသာ ရရှိထားပြီးတခြားစစ်ကောင်စီထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တယားများလည်ပတ်နေသည့် မင်းတပ်၊ ကန်ပက်လက်၊ ခိုင်ကမ်းမြို့တို့တွင်လည်း ဌာနဆိုင်ရာ Non CDM ဝန်ထမ်းများနှင့်အတူ ရဲ၊ စစ်သားများလည်း လစာမရရှိကြောင်း သိရှိရသည်။
အဆိုပါ မြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းများလည်း ပြီးခဲ့သည့် မေလမှစ၍ ပင်စင်လစာထုတ်ယူခွင့် မရရှိတော့ဟုဆိုသည်။
#ချင်းပြည်နယ် #Non CDM #ဝန်ထမ်းများ #လစာမရသည်မှာ #၂လရှိပြီဟုဆို #Ayeyarwaddy_Times