ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် ( WFP) သည် ရေလွှမ်းမိုးခံရသော ဧရာဝတီတိုင်းရှိဒေသခံများကို စားနပ်ရိက္ခာများ ပြန်လည်ပေးအပ်နေကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက် အရသိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ်က ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်( WFP) သည် ဧရာဝတီတိုင်းအတွင်း ကူညီခဲ့ပြီးနောက် ယခု ကိုးနှစ်အကြာတွင်ပြန်လည်ကူညီခြင်းလည်းဖြစ်သည်။

ဧရာဝတီတိုင်းရှိရေလွှမ်းမိုးခံရသော နေရာများတွင် ခန့်မှန်းလူဦးရေ ငါးသိန်းခန့်နေထိုင်လျက်ရှိပြီး ရေဘေးရှောင်စခန်းများတွင် ခိုလှုံသူလူဦးရေ သုံးသောင်းငါးထောင်ခန့်ကို လာမည့်ရက်ပိုင်းအတွင်း ဆန်နှင့် အားဖြည့် ဘီစကစ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

အဆိုပါရေလွှမ်းမိုးမှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိလယ်ယာမြေဧက သိန်းနှင့်ချီ ရေနစ်မြှပ်ခဲ့ပြီး တစ်နိုင်တစ်ပိုင် လယ်ယာလုပ်ကိုင်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန် အလွန်အရေးကြီးကြောင်း ထုပ်ပြန်ချက်တွင်ပါဝင်သည်။

“ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့တင်စားကြတဲ့ ဧရာဝတီတိုင်းဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဉ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ဒေသတစ်ခုပါ။မကြာသေးမီကဖြစ်ပွားခဲ့တဲ့ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်းသိသိသာသာလျော့နည်းသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ထိခိုက်လွယ်သူတွေ တစ်ပိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကိုထိခိုက်စေနိုင်ပါတယ်” WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် Ms.Sheela Matthew က ပြောကြားသည်။

အဆိုပါအကျိုးသက်ရောက်မှုကြောင့် ဧရာဝတီတိုင်းတစ်ခုတည်းမှာမဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝန်းမှာပါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် စားနပ်ရိက္ခာပြတ်လပ်မှု မဖြစ်ပေါ်စေရန် WFP က တုန့်ပြန်လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ ရေကြီးနစ်မြုပ်မှုကို တစ်ပြိုင်းတည်းခံခဲ့ရတယ်။ နောက်ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာလည်း ပျက်စီးမှုတွေရှိနေတယ်။ အခုချိန်ထိတော့ ဘယ်သူကမှ ထိထိရောက်ရောက် ကူညီတယ်လို့မရှိပါဘူး။ ဒေသခံပရဟိတအဖွဲ့လေးတွေနဲ့ဆရာတော် သံဃာတော်အချို့က လှူဒါန်းကူညီတာလေးတွေပဲရှိပါသေးတယ်။ အဖွဲ့အစည်းတွေကလှူမယ်ဆိုရင်လည်း တကယ်လိုအပ်သူတွေလက်ထဲရောက်ဖို့လိုတာပေါ့” ဟု အဂ်ပူမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခံရသည့်ဒေသမှ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

WFP အနေဖြင့် အာဟာရချို့တဲ့မှုကိုကာကွယ်နိုင်ရေးအတွက် မိခင်နှင့် ကလေးသူများအတွက် အာဟာရထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်( WFP) သည် ရခိုင်ပြည်နယ်ရှိလိုအပ်ချက်များကို လေ့လာဆန်းစစ်နေကာ ကချင်၊ ကရင်၊ စစ်ကိုင်း၊ ပဲခူးး မကွေး နှင့် မန္တလေးတို့ရှိ ရေဘေးသင့် လူဦးရေ ၁၃၀,၀၀၀ ခန့် အသက်ကယ်ဆယ်ရေးရိက္ခာအကူအညီများ ပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#WFP #ဧရာဝတီတိုင်း #ရေကြီးရေလျှံဒေသ #အကူညီစတင်ပေး #Ayeyarwaddy_Times