
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း မောင်ရွှေလေး ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အလံဖြူထောင်၍ ထွက်ပြေးသွားကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)သည် ပြီးခဲ့သည့် ဩဂုတ် ၂၅ရက်နေ့က စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်စခန်းကို အပြင်း အထန်ထိုးစစ်ဆင်တိုက်ခိုက်ကာ ရှော့တိုက်ဒုံးများဖြင့်ပါပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူး ဖြိုးမောင်မောင်ဝင်း၊ တပ်ကြပ်ရဲဝင်းအပါအဝင် ငါး ဦးခန့်ထိခိုက်သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ အလံဖြူထောင်ကာ ထွက်ပြေးကြကြောင်း သိရသည်။
“၂၅ရက်နေ့ကတည်းက စစ်တပ်ကစပြေးတာ။ မနေ့ကလည်း အစုလိုက်ပြေးတယ်ပြောပါတယ်။ ရေတပ်က သိမ်းနိုင်တော့မှာပါ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက အဆိုပါ ရေတပ်စခန်းမကျစေရေး ပင်လယ်ပြင်ဘက်မှ စစ်သင်္ဘော ရှစ် စင်းဖြင့်စစ်ကူအင်အားဖြည့်တင်းခြင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဩဂုတ် ၂၆ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။
ရေတပ်စခန်းမှထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားရှိ တောင်ပေါ်နှင့် ကျေးရွာများအတွင်း ဝင်ပြေးကြသည့်အတွက် AA က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်ရှိ စစ်ကောင်စီစခန်း အားလုံးနီးပါးကို AA ကသိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်ရှိနေသော မောင်ရွှေလေး ရေတပ်စခန်းကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ရှိတွင် သံတွဲမြို့နယ်၊ မောင်တောမြို့နယ်နှင့် ဂွမြို့နယ်တို့ရှိ စစ်ကောင်စီစခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ပုံစာ- မေလ ၄ရက်နေ့က မောင်တောတိုက်ပွဲအတွင်း AAထံအလံဖြူထောင် အညံ့ခံလာကြသော စစ်ကောင်စီပူးပေါင်းတပ်များ
#သံတွဲ #စစ်ကောင်စီ #မောင်ရွှေလေးရေတပ်စခန်း #အလံဖြူထောင် #ထွက်ပြေး #Ayeyarwaddy_Times