ဧရာ၀တီတိုင်းမ်
သြဂုတ် ၂၈ ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူနှင့်ရာအိမ်မှူးများက ပြည်သူ့ လုံခြုံရေးစနစ်ဟုဆိုကာ အသက် ၃၅နှစ်မှ ၆၅နှစ် အတွင်ရှိသည့် ဒေသခံများကို စစ်မှုထမ်းရန် စာရင်းများ စတင်ကောက်ယူနေကြောင်း ဒေသခံများထံကသိရသည်။

စစ်မှုထမ်းရန် စတင်စာရင်းကောက်ယူနေသည့် ကျေးရွာများမှာ ဓနုဖြူမြို့နယ်၊ တော်ဖျားကျေးရွာအုပ်စု စခန်းကြီးကျေးရွာအုပ်စု၊ အင်းဂလာကျေးရွာအုပ်စု၊ ကျောင်းစုတိုက်နယ်ကျေးရွာအုပ်စု၊ ဖန်ခါးကွင်း ကျေးရွာအုပ်စု၊ နှဲးကြိုးကျေးရွာအုပ်စုတို့ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“လူတွေထပ်ထပ်ပြီး စာရင်းကောက်ယူတဲ့အပြင် အုပ်ချုပ်ရေးမူးနဲ့ ရာအိမ်မူးတွေက ငွေကြေး စုဆောင်းမူတွေ အဆမတန်ကောက်ခံနေတယ်။ အခုလိုအ‌‌ခြေနေမျိုးမှာ စားဝတ်နေရေးမပြေလည်တဲ့ သူတွေအနေနဲ့ အတော်လေး အခက်တွေ့နေရတယ်။ အစည်းအ‌‌ဝေးတွေလဲ ခဏခဏခေါ်တယ်” ဟု တော်ဖျားကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်မှုထမ်းရန် စာရင်းကောက်ယူခံထားရသည့် အသက် ၃၅နှစ်မှ ၆၅နှစ် အတွင်းရှိ ဒေသခံများကို ခရီး‌ဝေးမထွက်ကြရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က တားမြစ်ထားပြီး စစ်သင်တန်း ပေးမည့် နေရာများကိုပါ ရွေးချယ်သတ်မှတ်ထားပြီးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင်လည်း စစ်မှုထမ်းအသက်ပြည့်သည့် လူငယ်များ ပြည်ပထွက်၍ အလုပ် လုပ်ကိုင်နေသည်ဟုပြောဆိုကာ ဖခင်ဖြစ်သူ အသက် ၅၀ ကျော်ကို စစ်မှုထမ်းရန် စာရင်းများ ကောက်ယူသွားကြောင်း ဒေသခံများထံက သိရသည်။

ဓနုဖြူမြို့နယ်တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ဥပဒေအရာရှိနှင့် မြို့နယ်တရားသူကြီးတို့က ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းများကို မလာမနေရ ဆင့်ခေါ်၍ PDF များကို ထောက်ခံပါက ထောင်ဒဏ်များကျခံရမည်ဟု ပြောဆိုခြိမ်း‌ခြောက် လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို ထိန်းချုပ်၍ ကျန်ဒေသများကို ကာကွယ်နိုင်ရန် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကိုဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူများကို စစ်သင်တန်းပေးကာ လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများ

#ဓနုဖြူတွင် #အသက်၃၅နှစ် #၆၅နှစ်အတွင်းရှိသူ #စစ်မှုထမ်းရန် #စတင်စာရင်းကောင်ယူ #ခရီးမထွက်ကြရန် #စစ်ကောင်စီတားမြစ် #Ayeyarwaddy_Times