ဆောင်း/ဧရာဝတီတိုင်းမ်
ဘြဂုတ် ၁၇ ရက်

တနင်္သာရီတိုင်း၊ သရက်ချောင်းနယ်မြေရှိ ၆၆ မိုင်စခန်းတိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ်စဥ် (၂) ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦး သေဆုံးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၂ သင်တန်းဆင်းသည် ပလောက်မြို့ (ခလရ) ခြေလျင်တပ်နှင့်အတူ ရှေ့တန်းထွက်စဥ် တိုက်ပွဲအတွင်း သေဆုံးခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ကဆိုသည်။

“၆၆ မိုင်စခန်တိုက်ပွဲမှာပဲ ပလောက် ခြေလျင်တပ်က ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၂ ဆင်း တစ်ဦး ကျဆုံးသွားခဲ့တာဟုတ်ပါတယ်။ သရက်ချောင်းနယ်ဘက်မှာ ပထမဦးဆုံး ပြည်သူ့စစ်မှုထမ်း ကျတာလို့ ပြောလို့ရပါတယ်”ဟု ခလရ ၂၈၀ မှ Non CDM တပ်ကြပ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသည့် ပြည်သူ့စစ်မှုထမ်းတစ်ဦးမှာ ပလောက်မြို့တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက အမှတ်စဥ် (၂) သင်တန်းဆင်းဖြစ်ပြီး ပလောက်မြို့ ခြေလျင်တပ်ရင်း (ခလရ -၂၈၀)တပ်ထံ ပို့ဆောင် ခံထားရသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် (၁၂ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၁၂) မှပြည်သူ့စစ်မှုထမ်းများအားလုံး ရှေ့တန်းပို့ဆောင်ခံရ၍ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ပြည်သူ့စစ်မှုထမ်းတစ်ဦး ကပ္ပလီ ပင်လယ်၀ အတွင်းခုန်ချ၍ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည်။

စစ်ကောင်စီ၏ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ အမှတ်စဥ် (၁) ၊ အမှတ်စဥ် (၂) ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများအားလုံးသည် သင်တန်းဆင်းပြီးနောက် ရှေ့တန်းသို့ ပို့ဆောင် ခြင်းခံခဲ့ရပြီး လက်ရှိအချိန်အထိ သေဆုံးမှုများနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ကာ ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများပေးသွင်းကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ၎င်းတို့ သားသမီးများကို အမှတ်စဥ်(၁) ပြည်သူ့စစ်မှုထမ်းမခေါ်မီကတည်းက ပြည်ပသို့ တိတ်တဆိတ် ကြိုတင်စေလွှတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်ဆင်းလျှင် စစ်မတိုက်ခိုင်းဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်းများသာ ထမ်းဆောင်ခိုင်မည်ဟုပြောဆိုသော်လည်း အမှန်တကယ် တွင် တပ်အင်အားလိုနေသည့် ရှေ့တန်းသို့ပို့ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို ဆံပင်ညှပ်ပေးနေစဥ်

#သရက်ချောင်း #၆၆မိုင်စစ်ကောင်စီစခန်းတိုက်ပွဲ #အမှတ်စဥ်၂ #သင်တန်းဆင်း #ပြည်သူ့စစ်မှုထမ်းသေဆုံး #Ayeyarwaddy_Times