ဧရာဝတီတိုင်းမ်
သြဂုတ် ၁၇ ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မြိုတိုင်းရင်းသား စစ်ဘေးရှောင်များသည် ဆန်နှင့် စားနပ်ရိက္ခာများ ပြတ်လပ်နေသည့်အတွက် ထမင်းအစား မျှစ်ပြုတ်ပြီး စားသောက်နေရကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ယခုနှစ် ဇွန်လ ၄ ရက်နေ့က အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ ဖြစ်ပွားသည့် တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် သီဟိုအေးကျေးရွာနှင့် ကိုင်းကြီးကျေးရွာမှ ပြည်သူများဖြစ်ကြသည်။

စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် ဆန်နှင့် စားနပ်ရိက္ခာများ အရေးပေါ် အကူညီများ လိုအပ်သော်လည်း ၎င်းတို့ လိုအပ်သည့် အကူညီများ မရရှိသည့်အတွက် မျှစ်ရှာဖွေပြီး ထမင်းအဖြစ် စားသောက်နေရခြင်းဖြစ်သည်။

“ကျွန်တော်တို့ စစ်ဘေးရှောင် ကလေးအပါဝင် ၁၄၀၀ လောက်ရှိပါတယ်။ အခု AAထိန်းချုပ်တဲ့ ကျေးရွာမှာ ခိုလှုံနေကြပါတယ်။ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့တာ မရှိလို့ စစ်ဘေးရှောင်တွေဟာ မျှစ်ချိုးပြီး မျှစ်ကိုဘဲ ထမင်းအဖြစ် နေ့စဥ်စားသောက်နေရပါတယ်။ ရေရှည်အတွက် ကျန်းမာရေး ထိခိုက်မှာလည်း စိုးရိမ်နေရတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ဘေးရှောင်တွင် ကလေးနှင့် အမျိုးသမီး အများပြားပါရှိနေသည့်အတွက် စားဝတ်နေရေးအပြင် ကလေးနှင့် အမျိုးသမီး အသုံးဆောင်ပစ္စည်းများလည်း အကူညီလိုအပ်နေကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင် ကလေးငယ်တချို့သည် ယခုရက်ပိုင်း ရာသီတုတ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလျက်ရှိပြီး ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မူ အကူညီများလိုအပ်နေကြောင်း သိရှိရသည်။

#မောင်တောမြို့ #မြိုစစ်ဘေးရှောင် #ရိက္ခာပြတ်လပ်န #ထမင်းအစား #မျှစ်ပြုတ်ပြီးစားနေရ #Ayeyarwaddy_Times