
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဩဂုတ် ၁၇ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝိုင် စစ်ကောင်စီစခန်းသို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သစ်ပုတ်တာဝါတိုင် အထိုင်စခန်းသို့ အင်အားဖြည့်လာသည့် အင်အား ၂၆ ဦးပါသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ညောင်နီပင်ရွာနှင့် သစ်ပုတ်ရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခံရကာ ခြောက် နာရီကျော် ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲ့ဒီ ၂၆ ယောက်ကို တိုက်တုန်းကအပြတ်တိုက်တာပဲ။ အပြတ်တိုက်တာကို ၁၁ နာရီ ၄၀ လောက်ကနေ စတိုက်တာ။ ညနေ ၆ နာရီလောက်ကျတော့ မှောင်လာပြီလေ။ အချိန်က မှောင်လာတာရယ် နောက် တစ်ချက်က သစ်ပုတ်ကနေ လက်နက်ကြီးပစ်ကူရယ် လူအင်အားထပ်ဖြည့်လာတာရယ်ကြောင့် နောက်ပြန်ဆုတ်တာပေါ့နော်” ဟု ၃၆၀၁ PPDFတပ်ရင်းသတင်းပြန်ကြားရေး တာဝန်ခံက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက လက်ရှိတွင် သစ်ပုတ်တာဝါတိုင်စခန်းသို့ ပေါက်ခေါင်း ဘက်မှ စစ်အင်အား ၄၀ ကျော်ကို ခေါ်ယူကာ အင်အား ဖြည့်တင်းထားကြောင်းလည်း သိရသည်။
တိုက်ပွဲအတွင်း ကျဆုံးဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဩဂုတ် ၁၆ ရက်နေ့မနက်တွင် မှတ်တိုင်ရွာဘက်မှ ကားဖြင့်လာရောက်သယ်ဆောင်ခဲ့ကြောင်း သိရပြီး ထိုမှတဆင့် ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ပွဲကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁-PPDF)တပ်ရင်း၊ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂-PDF)တပ်ရင်း တပ်ခွဲ-၁၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ ရွှေတောင် (ပကဖ) ပူးပေါင်းစစ်ကြောင်း၊ (၃၈၀၁ PDF)တပ်ရင်း တပ်ခွဲ-၃ နတ်စစ်သည်စစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ – နယ်မြေရှင်းလင်းစဉ်တွေ့ရသည့်ပစ္စည်းများ
#ပေါင်းတည် #သစ်ပုတ်တာဝါတိုင်တိုက်ပွဲ #စစ်ကောင်စီတပ် #သေဆုံး #PDF #Ayeyarwaddy_Times