
“ထောင်တွင်းမှာ တစ်ခုခုဆိုရင် ပါရာစီတစ်မော့ နဲ့ ဒိုက်ဂလိုပဲ။ အောက်ပိုင်းသေမလို ဖြစ်နေလဲ သူတို့က ဒိုက်ဂလိုပဲ။ ဆေးဝါးလုံလောက်မှု မရှိဘူး”
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ဆန္ဒပြဖြိုခွင်းမှုမှစတင်၍ ပြည်သူလူထုကို မတရားဖမ်းဆီး ရိုက်နှက်သတ်ဖြတ် စသည့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပြီး ၎င်းတို့၏ မတရားသဖြင့် ဖမ်းဆီးခြင်းခံရသော ပြည်သူများထဲတွင် မဇူးဇူးမေယွန်းလည်း ပါဝင်ခဲ့လေသည်။
စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံသော မဇူးဇူးမေယွန်းသည် အိမ်ရှင်မ တစ်ဦးဖြစ်ကာ ဖမ်းဆီးခံရချိန်တွင် သမီးငယ်လေးမှာ လသားအရွယ်သာ ရှိသေးပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်၍ အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
စစ်ကောင်စီ၏ အကျဉ်းထောင်များအတွင်း နှစ်နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသော မဇူးဇူးမေယွန်းသည် ဘဝတူ နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ ကူညီပံ့ပိုးမှု လုပ်ဆောင်ခဲ့သလို လက်ရှိတွင်လည်း နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ခံအဖြစ် ဆောင်ရွက်လျှက်ရှိသည်။
လက်ရှိတွင် အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသူ/သား စုစုပေါင်း နှစ်သောင်းကျော်၊ နိုင်ငံရေး အကျဉ်းသူ ငါးထောင်ကျော် ကျန်ရှိနေသေးသည်ဟု မဇူးဇူးမေယွန်းထံက သိရှိရပြီး အာဏာမသိမ်းခင်နှင့် သိမ်းပြီးနောက် ဖြတ်သန်း ကြုံတွေ့ရမှု၊ ထောင်တွင်း အခြေအနေအပါအဝင် လက်ရှိဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။
🟥ဧရာဝတီတိုင်းမ် ။ ။ အရင်ဦးဆုံး အာဏာမသိမ်းခင် မဇူးဇူးမေယွန်းရဲ့ ဘဝဖြတ်သန်းမှု သိပါရစေ။
⬛️မဇူးဇူးမေယွန်း။ ။အာဏာမသိမ်းခင်ကတော့ ကျွန်မက ကိုယ်ပိုင်စီးပွားရေး လုပ်တယ်။ တစ်နိုင်တစ်ပိုင် ဆိုင်တွေဘာတွေ ဖွင့်တယ်ပေါ့နော်။ ကိုဗစ်ကာလ ဖြစ်တဲ့အချိန်၊ အငယ်မလေးကိုယ်ဝန် ဆောင်ရတဲ့အခါကြတော့ နားလိုက်တယ်။ ဆိုင်တွေဘာတွေ ပိတ်ပြီးတော့ online ကနေပဲ food products တွေ ထုတ်လုပ်တယ်။ ပြီးတဲ့အခါ online classes တွေ၊ သင်တန်း Training တွေ ပေးတယ်ပေါ့နော်။ အဲ့လိုမျိုးလေးနဲ့ ဖြတ်သန်းနေတာ။ အေးအေးချမ်းချမ်းနဲ့ သားနဲ့သမီးနဲ့ အဲ့လိုမျိုး နွေးနွေးထွေးထွေးနဲ့ နေထိုင်တဲ့ အိမ်ရှင်မတစ်ယောက်ပေါ့နော်။ အာဏာသိမ်းတဲ့အချိန်မှာတော့ အရင်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တာပေါ့။
🟥ဧရာဝတီတိုင်းမ် ။ ။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရချိန်မှာ သမီး လေးက လသားအရွယ်ပဲ ရှိသေးတယ်။ အိမ်ထောင်ရေး ပြိုကွဲရတဲ့အထိ ကြုံတွေ့ရင် ဆိုင်ရတယ်လို့ ကြားသိခဲ့ရလို့ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
⬛️မဇူးဇူးမေယွန်း ။ ။ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ၄ လပိုင်းမှာ ညီမကို ဖမ်းဆီးလိုက်တယ်။ အဲဒီအချိန်မှာ သမီးလေးက ၉ လသားလေးပဲ ရှိသေးတယ်ပေါ့။ မတူညီတဲ့ဟာက ဘာလဲဆိုရင် ရွှေပြည်သာစစ်ကြောရေး၊ အဲလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်တဲ့ တစ်ကယ်လူ့ငရဲခန်းဆိုတဲ့ နေရာတွေကို ဖြတ်ကျော်လာရတယ်။ နို့တိုက်မိခင်ဖြစ်တဲ့ အတွက် သားသမီးနဲ့ ဝေးကွာတဲ့အချိန်မှာ ဘယ်လိုပြောရမလဲ နို့ကြောတွေ တင်းပြီးတော့ ခါးနာနေသလို တဖက်မှာလဲ မိခင်နို့ မသောက်သုံးလိုက်ရတဲ့ သမီးလေးကို ထားခဲ့ရတဲ့အတွက် သူ့အတွက်လဲ အဆင်ပြေမှာမဟုတ်ဘူး။
၆ လကျော်ပြီဆိုရင် ဖြည့်စွက်စာပေါ့။ ထမင်းတွေဘာတွေ ကျွေးလို့ရ၊ နို့မှု့န်တိုက်လို့ ရတယ်ဆိုပေမယ့် မိခင်ရဲ့ နွေးထွေးမှု အောက်ကနေပြီးတော့ ဒီသမီးလေးက ပြောရမယ်ဆိုရင် မရရှိတော့ဘူးပေါ့နော်။ ဒါပေမယ့် စစ်ကြောရေးတွေမှာ ဖြတ်သန်းရတဲ့အခါ ကိုယ့်လိုမိခင်တွေ အများကြီးတွေ့ရတယ်။ ပြီးတဲ့အခါ အမျိုးသမီးငယ်လေးတွေ တွေ့ရတယ်။ ကိုယ့်အရှေ့မှာပဲ ညှင်းပန်းနှိပ်စက်ခံရတဲ့ အမျိုးသမီးတွေ တွေ့တယ်။ အဲ့လိုတွေ့ရတဲ့ အခါကြတော့ ကိုယ့်ကိုယ်တိုင် ဖြေသိမ့်နိုင်လာတယ်။ ကိုယ်နဲ့အတူတူ ရင်ဘက်ချင်းတူတဲ့ လူချင်းနဲ့ ရင်ဖွင့်၊ အချင်းချင်း ရိုင်းပင်းကူညီ ဖေးမပြီး တောင့်ခံလာခဲ့တယ်။
အမိန့်ချပြီးတဲ့နောက် အမျိုးသားရဲ့ ကွာရှင့်ခွင့် တောင်းတာကအစ ကြုံခဲ့ရတယ်ပေါ့နော်။ အာဏာမသိမ်းခင်က အဆင်ပြေတဲ့ မိသားစုမှာ လင်မယားချင်း သဘောထား မတိုက် ဆိုင်လို့ ဖြစ်ရင်တောင်မှ သူ့အနေနဲ့ ဘယ်တော့မှ ကွာရှင်းခွင့် မပေးခဲ့တဲ့ အမျိုးသားက အာဏာသိမ်းတဲ့အချိန်မှာ ကွာရှင်းခွင့် တောင်းခဲ့တယ်။ ကိုယ့်ဘက်လည်း လိုက်လျောပေးလိုက်တယ်ပေါ့။ ပြတ်ပြတ်သားသားနဲ့ပဲ တရားဝင် ကွာရှင်းတာတွေ လုပ်ပေးလိုက်တယ်။ အဲဒီကာလတွေမှာ စိတ်ဓာတ်ကို မပြိုလဲအောင် မနည်းတောင့် ခံခဲ့ရတယ်။
🟥ဧရာဝတီတိုင်းမ် ။ ။ ဟုတ်ကဲ့၊ ထောင်ဒဏ် ဘယ်နှစ်နှစ်လောက် အမိန့်ချခံရပြီး ပြန်လွတ်လာတဲ့အခါ ဘယ်လိုကြောင့် WOPP ဖြစ်တည်လာခဲ့ပါသလဲ။ အဲဒါလည်း ရှင်းပြပေးပါဦး။
⬛️မဇူးဇူးမေယွန်း ။ ။ ကျွန်မ ၂ နှစ်ကျော်လောက် ဖြတ်သန်းလာရတာပေါ့။ ဒိုက်ဦးထောင်မှာ ၁ နှစ်ကျော်၊ အင်းစိန်ထောင်မှာ ၁ နှစ်လောက်ပေါ့နော်။ အဲ့လိုမျိုးနဲ့ ဖြတ်သန်းလာတယ်။ လွတ်လာတဲ့အချိန်မှာ လူပဲလွတ်လာတာလေ၊ စိတ်တွေက မလွတ်လပ်ခဲ့ဘူး။ အဲဒီနောက် ဒီ WOPP ကို ဖွဲ့စည်းလိုက်တယ်။ မဖွဲ့ခင်ကလည်း နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသားနဲ့ ပတ်သက်တဲ့ အရေးတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ထောင်အတွင်းထဲကို ပြန်လည်ပံ့ပိုးတာတွေ လုပ်ဆောင်တာတော့ ရှိတာပေါ့နော်။
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတွေနဲ့ တိုင်ပင်ဖွဲ့စည်းပြီးတော့ ထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ကျဉ်းသူ ၅၀၀၀ ကျော်ကို ကိုယ်ပိုင်ငွေနဲ့ ပံ့ပိုးနိုင်အောင် ကြိုးစားလုပ်ဆောင်ခဲ့တယ်။ သူတို့ရဲ့ ကျန်းမာရေးကအစ အဆင်ပြေအောင် ကြိုးစားပြီးတော့ ပံ့ပိုးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့က ဖွဲ့စည်းလိုက်တာ ပေါ့နော်။
🟥ဧရာဝတီတိုင်းမ် ။ ။ လက်ရှိမှာရော ထောင်တွင်းထဲက နိုင်ကျဉ်းသူတွေရဲ့ အခြေအနေက ဘယ်လိုရှိနေတယ်လို့ ကြားသိရပြီး လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားမှုတွေကရော ဘယ်လောက်ထိ ဆိုးဝါးလာပါသလဲ။
⬛️မဇူးဇူးမေယွန်း ။ ။ သူတို့က ဖမ်းဆီးလိုက်ပြီဆိုရင် စစ်ကြောရေး စခန်းတွေကို ပို့တယ်။ နိုင်ငံရေး အကျဉ်းသူ ဆိုတာကလည်း ပြည်သူပါပဲ၊ အာဏာသိမ်းတာကို လက်မခံရင် ပြည်သူတွေအနေနဲ့ ဆန္ဒပြပိုင်ခွင့်ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို လက်နက်တွေနဲ့ စဖြိုခွင်းပြီး ဖမ်းဆီကာ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်လာတယ်။ စစ်ကြောရေး စခန်းတွေမှာပေါ့။ ကျွန်မတို့ မြန်မာပြည်ကို မိခင်မြေလို့ တင်စားကြတယ်၊ ဒါပေမယ့် စစ်ကောင်စီဟာ မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေ၊ မိခင်တွေ၊ ကလေးတွေအပေါ်မှာ မလေးစားခဲ့ဘူး။ အဲဒါကြောင့်လည်း သူတို့တွေဟာ ဖမ်းဆီးတဲ့အချိန်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါလာတယ်။ ကျောင်းသူ အရွယ်တွေ ပါလာတယ်။
ပြီးတော့ သားမတွေ့လို့၊ သမီးမတွေ့လို့ဆိုပြီး ဖမ်းဆီးလာတဲ့ သက်ကြီးပိုင်း မိခင်တွေ ပါလာတယ်။ စစ်ကြောရေးစခန်း ရောက်တဲ့အချိန်မှာ အမျိူးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်၊ မုဒိမ်းကျင့်မှုတွေ လုပ်တယ်။ ဖမ်းဆီးလိုက်တဲ့ နေရာမှာပဲ လက်ထိပ်ခတ်ပြီး မုဒိမ်းကျင့်တာမျိုးတွေ ရှိတယ်ပေါ့နော်။ စစ်ကြောရေး စခန်းမှာပဲ လူမသိသူမသိနဲ့ အသက်စတေးလိုက်ရတာတွေ ရှိတယ်။ လက်ရှိမှာဆိုရင် စစ်ကောင်စီက ဘယ်လောက်အထိ ယုတ်မာလာသလဲဆိုရင် ပေါ်ပေါ်တင်တင်ပေါ့နော်။ လွန်ခဲ့တဲ့ အပတ်လောက်က ကျိုက်မရောကနေ ဒိုက်ဦးထောင်ကို ပြောင်းလိုက်တဲ့ အနေအထားမှာ နိုင်ငံရေး အကျဉ်းသူတွေ ညှင်းပန်းနှိပ်စက်ခံရတယ်။
အပ်တိုတချောင်းတောင် မရှိကြတဲ့ အမျိုးသမီးတွေကို ထောင်ထဲမှာ ဘာဖြစ်လို့ လက်နက်တွေနဲ့ ခြိမ်းခြောက်ပြီး ကြိုက်တဲ့ကောင်မ ထွက်လာခဲ့၊ ထွက်လာတဲ့ကောင်မကို မုဒိမ်းကျင့်ဖြစ်မယ်လို့ ပြောဆိုတာတွေ၊ အမျိုးသားထုကြီးနဲ့ အင်တိုက်အားတိုက်လာပြီး ဝင်ရိုက်တာတွေ ညှင်းပန်းနှိပ်စက်တာတွေက သိသိသာသာကြီးကို လုပ်လာတယ်။ သူတို့တွေ ကြိုက်သလောက် သတင်းအမှောင်ချပါစေ။ ထောင်နံရံတွေမှာ ပဲ့တင်သံတွေ ရှိသလို ပြည်သူတွေကလည်း ဒီအတိုင်းနေနေမှာ မဟုတ်ဘူး။
အခုလို မိုးတွင်းကာလဆိုရင် အပြင်မှာတောင် ငှက်ဖျားတွေဖြစ်တယ်။ အဝတ်အစား ထူထူထပ်ထပ် ဝတ်တာတောင်မှ ရောဂါမျိုးတွေ ဖြစ်တယ်ရှိတယ်ပေါ့။ အခုဆို ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်နေတယ်လို့လည်း ကြားရတယ်။ အဓိကထောင်ထဲမှာ ဒီလိုမိုးရာသီဆို ခြင်အရမ်းပေါတယ်၊ အင်းစက်ပိုးတွေ အရမ်းပေါတယ်။ အခင်းလုံလောက်မှု မရှိဘူး။ ကျွန်မတို့တွေကို ခြင်ထောင်မပေးဘူး။ ခေါင်းအုံးမပေးဘူး။ စောင်လေးတွေကိုပဲ ခေါင်းအုံးလုပ်ပြီး ကိုယ့်မှာပါတဲ့ အဝတ်အစားတွေ အုံးအိပ်ရတယ်။
အမျိုးသမီးဆိုတာ ဘာရီရ အရမ်းများတယ်။ ရာသီလာတဲ့ အနေအထားတွေမှာဆိုရင် ဘယ်လောက်ခက်ခဲမလဲ လုံလောက်မှုတွေ မရှိတာ ကြုံနေရတယ်။ ပြီးတဲ့အခါ ဒါဝတ်ဒါချွတ် ဖြစ်တဲ့အတွက် မိုးတွင်းမှာ အဝတ်အစား လုံလောက်မှုမရှိတာ၊ ခြောက်သွေ့မှု မရှိတာရယ်ကြောင့် အရေးပြားတွေ ယားနာတွေပေါက်တယ်။
ပွေး၊ ဝဲ၊ ညင်းတွေ ပေါက်နေတာမျိုးတွေ ရှိတယ်။ မသန့်ရှင်းတဲ့ ရေတွေချိုးရတာလဲ ရှိတယ်ပေါ့။ ဒိုက်ဦးထောင်မှာဆိုရင် ကြေးနီရောင်ဖြစ်နေတဲ့ ရေတွေကအစ ချိုးရတာရှိတယ်။ ပြီးတဲ့အခါ ထောင်တွင်းမှာ တစ်ခုခုဆိုရင် ပါရာစီတစ်မော့နဲ့ ဒိုက်ဂလိုပဲ။ အောက်ပိုင်းသေမလို ဖြစ်နေလဲ သူတို့က ဒိုက်ဂလိုပဲ။ ဆေးဝါးလုံလောက်မှု မရှိဘူး။ ကုန်ဈေးနှုန်းတွေ အရမ်းဈေးတက်လာတဲ့အခါ ပြည်သူတွေ ခက်ခဲလာသလို အထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်သူ/သားတွေကလည်း စားဝတ်နေရေးကအစ ခက်ခဲလာတာမျိုး။ တစ်ဦးအတွက် မိသားစုဝင်က ပို့လိုက်တဲ့ ပါဆယ်ကို ၇/၈ ယောက်လောက်က မျှစားရတဲ့ အနေအထားအထိ ကြုံနေရတယ်။
🟥ဧရာဝတီတိုင်းမ် ။ ။ စစ်ကောင်စီ လက်အောက်က ထောင်အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လာရောက်တွေ့ဆုံ၊ စစ်ဆေးတဲ့ အခါမျိုးမှာရော သူတို့တွေ ဘယ်လိုမျိုး သတင်းအမှောင် ချလေ့ရှိသလဲ။ အဲလိုအခါမျိုးမှာ နိုင်ကျဉ်းသူ/သားတွေကို ဘယ်လိုပြုမူ ဆက်ဆံလေ့ရှိသလဲ။
⬛️မဇူးဇူးမေယွန်း ။ ။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အကျဉ်းထောင်ထဲကို ICRC ကအစ ဝင်ခွင့်မရဘူးလို့ ကြားသိရတယ်။ စစ်ကောင်စီအောက်က လူ့အခွင့်အရေးကော်မရှင် ဆိုတာမျိုး လာတွေ့တာမျိုးရှိတယ်။ ဒါပေမယ့် လုပ်ဆောင်မှု ဘာမှမရှိတာကို ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတယ်။ ထောင်တွင်းထဲက လိုအပ်ချက်တွေကို ပြောပေမယ့် လက်တွေ့အကောင်အထည် ဖော်တာမျိုးဆိုတော့ မဖော်ဆောင်ခဲ့ဘူး။ ကျွန်မတို့ မျှော်လင့်နေတာက ကမ္ဘာ့ကြက်ခြေနီ ICRC ကို မျှော်လင့်ခဲ့တာ။ ဒါပေမယ့် ထောင်ထဲကို ရောက်မလာခဲ့ဘူး။
ကျွန်မတို့ လွတ်မြောက်လာတဲ့အခါမှာ ICRC ကို မေးခွန်းတွေ ထုတ်ခဲ့တယ်။ လက်ရှိမှာ သတင်းတွေ အမှောင်ချ၊ ဘာမှလုပ်မရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဘာမှလုပ်မရရင် လုပ်နိုင်အောင် ကျွန်မတို့ ကြိုးစားရမှာ။ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အင်အားတွေ၊ ပြည်သူအင်အားတွေ၊ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ လုပ်နိုင်အောင် ကြိုးစားရမယ်။ ကျန်ရှိနေတဲ့ နိုင်ကျဉ်းသူ/သားက နှစ်သောင်းကျော် ရှိသေးတယ်။ သူတို့တွေ တစ်ယောက်မကျန် လွတ်မြောက်ဖို့ အဖက်ဖက်ကသာ ကြိုးစားမယ်။
🟥ဧရာဝတီတိုင်းမ် ။ ။ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
⬛️မဇူးဇူးမေယွန်း ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
#နိုင်ငံရေးအကျဉ်းသူများအဖွဲ့ #WOPPတာဝန်ခံ #မဇူးဇူးမေယွန်း #အမျိုးသမီးကဏ္ဍ #အင်တာဗျူး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)