ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

လူဦးရေ ထူထပ်သော ရန်ကုန်မြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ လူဦးရေ တိုးပွားလျက်ရှိပြီး ဆေးရုံများတွင် ဇူလိုင်က ၉ ရက်နေ့က ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာသစ် ၆၄ ဦးရှိပြီး ယင်းတို့ထဲမှ ခုနစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါခံစားရသူများဖြစ်ကြောင်း ယနေ့ ဇူလိုင် ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၆ ရက်မှ ၉ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၂၃၄ ဦးနှင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ ၁၅ ဦးအထိ ရှိလာသော်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့ရသူ ၁၃၀ ဦးကို ရောဂါ သက်သာ၍ ပြန်လည်ဆင်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၉ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၆၇ ဦး၊ ပြင်းထန် ဝမ်းပျက်ဝမ်းရောဂါလူနာ ခုနစ် ဦး၊ ဇူလိုင် ၈ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၆၀ ဦး၊ ပြင်းထန်ဝမ်းပျက်ဝမ်းရောဂါလူနာ ခြောက်ဦးရှိကြောင်းသိရသည်။

ဇူလိုင် ၇ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၄၄ ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာ နှစ်ဦး နှင့် ဇူလိုင် ၆ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၆၃ ဦးတွေ့ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက်မှစတင်ကာ ဝမ်းပျက်ဝမ်းရောဂါဖြစ်ပွားမှုစတင်ပြီး ဇူလိုင် ၃ ရက်နေ့တွင် ဝမ်းပျက် ဝမ်းလျှောရောဂါပိုးစတင်တွေ့ရှိကာ ယင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ဇူလိုင် ၆ ရက်နေ့တွင် စစ်ကောင်စီက စတင်ထုတ်ပြန်ခဲ့သည်။

ဒေါပုံနှင့် သာကေတမြို့နယ်တွင်း လမ်းဘေးရှိလက်သုပ်စုံဆိုင်များ မုန့်ဟင်းခါးဆိုင်၊ မုန့်တီအရောင်းဆိုင်၊ အစုံသုပ်ဆိုင်၊ အကင်ဆိုင်၊ ဒုတ်ထိုးများ၊ ခွဲခြမ်းရောင်းချသော အသီးဆိုင်များအပါအဝင် ယင်နားနိုင်သောအစားအစာများ ပြင်ဆင်ပြုလုပ်ထားသော အစားအစာဆိုင်များကို ဇူလိုင် ၅ ရက်မှ ၁၂ ရက်နေ့အထိ ပိတ်သိမ်းရန် ညွှန်ကြား ထားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကာကွယ်ရာတွင် လက်ကိုဆပ်ပြာဖြင့် သေချာ ဆေးရန်၊ သောက်သုံးရေးကျိုချက်သောက်ရန်၊ အမှိုက်နှင့်စွှန့်ပစ်ပစ္စည်းများကို သေချာ စွာစွန့်ပစ်ရန်၊ အစားအသောက်ကိုသန့်ရှင်းစွာကိုင်တွယ်ရန်နှင့် ယင်နားစာမစာခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဝမ်းပျက်ဝမ်းလျှောရောဂါလူနာတိုး #ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ #လူနာ၁၃၀ #ဆေးရုံဆင်း #Ayeyarwaddy_Tim