ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ သြဂုတ်လ ၅ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသည့် ဒေါ်သူဇာဖြိုးသွင်၏ ဖခင်ဦးဖြိုးသွင်မှာ ယနေ့ မနက် ၄ နာရီဝန်းကျင်အချိန်က ဝင်ရောက်ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူ ဦးဖြိုးသွင်မှာ အသက် ၈၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်ပြီး ယနေ့မနက် ၄ နာရီဝန်းကျင်အချိန်က အမည်မသိလူတစ်ဦးက ၎င်းနေထိုင်ရာ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်တော်ရပ်ကွက်ရှိနေအိမ်အတွင်း ဝင်ရောက် ရိုက်နှက်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။
” သေသွားတာက သူဇာဖြိုးသွင်ရဲ့ အဖေပါ။ တချိန်က ရှေ့နေဖြိုးသွင်ဆိုပြီး နာမည်ကြီးခဲ့ဖူးတယ်။ ဒီနေ့ မနက် ၄ နာရီလောက်က သူအိမ်မှာပဲ အရိုက်ခံရပြီးဆုံးသွားတာ။ သူခိုးဖြစ်မယ်လို့ သူတို့မိသားစုက ယူဆထားကြတယ်။ ခေါင်းမှာလည်း သွေးတွေထွက်နေတယ်။ လည်ပင်းမှာလည်း လျှပ်စစ်ပေါင်းအိုးကြိုးနဲ့ ညှစ်ထားတာတွေ့ရတယ်။ ဖုန်းတစ်လုံးနဲ့ ငွေသားအချို့ပါသွားတယ်။သူဇာဖြိုးသွင်ကလည်း ဟိုးတလောက ဒလန်လုပ်လို့ သတိပေးစာထွက်တယ်ဆိုပြီး နာမည်ကြီးလိုက်သေးတယ်” ဟု ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်က်ို ပြောသည်။
အခင်းဖြစ်ပွားရာနေအိမ်သို့ ယနေ့မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ရှာဖွေစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။
” သူက အရင်ကရှေ့နေဆိုတော့ ပုဂ္ဂိုလ်ရေးအရ မကျေနပ်တာကြောင့် အသတ်ခံရတာလည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့ ဒီကာလမှာ သူခိုးတွေပေါနေတော့ ဝင်ခိုးရင်လူမိလို့ သတ်သွားတာလည်းဖြစ်နိုင်တယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
ပုသိမ်မြို့တွင် သတင်းပေး(ဒလန်)ဟု နာမည်ကြီးသည့်ဒေါ်သူဇာဖြိုးသွင်၏ ဖခင် တရားလွှတ်တော်ရှေ့နေဦးဖြိုးသွင် သေဆုံးမှုနှင့်ပတ်သတ်ပြီး ပုသိမ်မြို့ခံ တော်လှန်ရေးအင်အားစုများဘက်မှ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။