ဧရာ၀တီတိုင်းမ်
ဧပြီလ ၁၂ ရက်

ထိုင်းနိုင်ငံ၊ ဟတ်ရိုင်မြို့တွင်နေထိုင်သူ အသက် ၃၂ နှစ်အရွယ် မြန်မာအမျိုးသား ကိုကျော်ထင်ထိုက်မှာ ဧပြီလ ၁၀ ရက်နေ့တွင် အတူနေ ယောက်ျားလေးချစ်သူ၏ဦးခေါင်းကို တူဖြင့်ထုကာ တိုက်ခိုက်သည့်အတွက် ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

ကိုကျော်ဇင်ထိုက်မှာ အသက် ၅၆ နှစ်အရွယ် ဘယ်လ်ဂျီယံနိုင်ငံသား ယောက်ျားလေးချစ်သူနှင့်အတူ နေထိုင်သူဖြစ်ပြီး လူမှုရေးကိစ္စဖြင့် သဝန်တိုသည့်အတွက် ချစ်သူ၏ခေါင်းကို တူဖြင့် ထုနှက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ထိုသူ၏ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

အဆိုပါ တူဖြင့်ထုနှက်သည့်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ထိုင်းရဲတပ်ဖွဲ့ရောက်ရှိလာစဉ် အခင်းဖြစ်ပွားရာ အခန်းအတွင်း သွေးစွန်းနေသည့်ခြေရာများတွေ့ရှိရသလို ကိုကျော်ဇင်ထိုက်ကိုလည်း သက်သေခံ တူနှင့်တကွ အခန်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က ကိုကျော်ဇင်ထိုက်ကို ဟတ်ရိုင်မြို့ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိရသည်။ ကိုကျော်ဇင်ထိုက်မှာ လွန်ခဲ့သည့် ၃ ရက်ကတည်းက မူးယစ်ဆေးဝါး သုံးစွဲခဲ့သည်ဟု ရဲတပ်ဖွဲ့ကို ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။

ကိုကျော်ဇင်ထိုက်နှင့် ဘယ်လ်ဂျီယံနိုင်ငံသားတို့မှာ ကော့စမွီကျွန်းတွင်ဆုံတွေ့ခဲ့ပြီးနောက် ချစ်သူများ ဖြစ်ခဲ့ကြကာ နောက်ပိုင်းတွင် ဟတ်ရိုင်မြို့သို့ ပြောင်းရွှေ့၍ အတူနေထိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု မဖြစ်ပွားမီတွင် ထိုင်းသင်္ကြန်ပွဲဆင်နွှဲရန်အတွက် နှစ်ဦးသားဆွေးနွေးခဲ့ကြပြီး ဖူးခက်ကမ်းခြေသို့ သွားရောက် လည်ပတ်ရန်လည်း အစီအစဉ်ဆွဲခဲ့သည်ဟု ကိုကျော်ဇင်ထိုက်က သတင်းထောက်များကို ပြောသည်။

ကိုကျော်ဇင်ထိုက်က ယောက်ျားလေးချစ်သူ ဘယ်လ်ဂျီယံနိုင်ငံသားအပေါ် သဝန်တိုခဲ့ပြီး သူ့အပြင် အခြားတစ်ယောက် ရှိနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက် ငြင်းခုံမှုများဖြစ်ပွားခဲ့ကာ ယင်းနောက်တွင် တူဖြင့် ထုနှက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

တူဖြင့်ထုနှက်ခဲ့သော ကိုကျော်ဇင်ထက်က သူ့အနေဖြင့် အတူနေ ယောက်ျားလေးချစ်သူ ဘယ်လ်ဂျီယံ နိုင်ငံသားအပေါ် ချစ်နေဆဲဖြစ်ပြီး ၎င်း၏လုပ်ရပ်အတွက် တောင်းပန်လိုကြောင်း သတင်းထောက်များကို ဖြေကြားခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့ကတော့ ကိုကျော်ဇင်ထိုက်ကို လူသတ်ရန်ကြိုးပမ်းမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း ပြောသည်။

ကိုးကား – Bangkok Post
Ref ; Jealous Myanmar man attacks boyfriend with hammer

#Ayeyarwaddy_Times