မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၉ ရက်

ကရင်ပြည်နယ်၊ မြ၀တီမြို့စောင့်ဖြစ်သည့် စစ်ကောင်စီ၏ ခမရ ၂၇၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က ယနေ့ ဧပြီ ၉ ရက် နေ့လယ် ပိုင်းတွင် စတင်၍၀င်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီ ၉ ရက် နေ့လယ် ၁၂ နာရီ၀န်းကျင်ခန့်တွင် စစ်ကောင်စီ၏ ခမရ ၂၇၅ တပ်ရင်းကို KNLA ပေါင်းတပ်များက ၀င်ရောက်တိုက်ခိုက်နေပြီး စစ် ကောင်စီဘက် ကလည်း လေယာဉ်ဖြင့်ဗုံးကြဲတိုက် ခိုက်နေကြောင်း KNLA နှင့်နီးစပ်သည့် ရဲ‌ဘော်ထံက သိရသည်။

“မနေ့ကအထိ လက်နက်ချဖို့ ၂၇၅ က တာ၀န်ရှိသူတွေနဲ့ညှိကြတယ်။ သူတို့ကလည်း စစ်ကောင်စီက လေ ယာဉ်နဲ့ပြန်ခေါ်မယ်ဆိုလို့ လက်နက်မချဘဲ စောင့်နေပုံရတယ်။ အဲဒီထဲက တစ်၀က်လောက်က လက်နက်ချ ချင်တယ်။ တစ်၀က်ကခံတိုက်ချင်တယ်။ သူတို့ချင်းညှိမရဘူး။ ဒီနေ့လယ်တော့ တိုက်ပွဲစဖြစ်တယ်”ဟု ကရင်စစ်ရေး သတင်းရင်းမြစ်နှင့် နီးစပ်သည့် ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီ၏ ခမရ ၃၅၅၊ ခမရ ၃၅၆ နှင့် ခမရ ၃၅၇ တို့ကို ၀င်ရောက်တိုက်ခိုက်နေစဉ် အတွင်းကလည်း ခမရ ၂၇၅ တပ်ရင်းအတွင်းမှ အတွဲလိုက်ဒုံးများ၊ ဟောင်၀စ်ဇာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးနေသည့် တပ်ရင်းဖြစ်ကြောင်း သိရသည်။

KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့က မြ၀တီမြို့ရှိ သင်္ဃန်းညီ နောင်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို သိမ်းယူနိုင်ခဲ့ပြီး ခမရ ၃၅၇ မှ အရာရှိစစ်သည် ၆၇ ဦးအပါအ၀င် စုစုပေါင်း ၆၁၇ ဦး လက်နက် အညံ့ခံခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီ ၈ ရက်နေ့ကလည်း စစ်ကောင်စီက မြ၀တီမြို့အတွင်းပိတ်မိနေသည့် စစ်ဘက်ဆိုင်ရာထိပ်ပိုင်းအရာရှိများနှင့် ၀န်ထမ်းများကို ပြန်လည်ခေါ် ယူမည်ဟုဆိုကာ ဧပြီ ၇ ရက်နေ့ညပိုင်းတွင် MNA လေယာဉ်ဖြင့် မဲဆောက်လေဆိပ်သို့ လေယာဉ်စေ လွှတ်ခဲ့ပြီး ဘဏ်အတွင်းမှငွေကြေးများနှင့် အရာရှိအချို့ကိုသာ ခေါ်ဆောင်သွားသည့် အတွက် ထိုင်းအစိုးရနှင့် ညှိနှိုင်းမှုပျက်ပြားသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် မြ၀တီမြို့ ခမရ ၂၇၅ တပ်ရင်းအနီးရှိ စိမ်းလဲ့မြိုင်ကား၀င်းအနီးကို စစ်ကောင်စီက လေ ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် မီးများလောင်ကျွမ်း လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက် ၊ Google Map
ပုံစာ- မြ၀တီမြို့အဝင် ဆိုင်းပုဒ်ရှေ့တွင် တွေ့ရသည် KNLA နှင့် ပူပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ
#ကရင် #မြ၀တီ #ခလရ၂၇၅ #KNLA #ပူးပေါင်းတပ် #တိုက်ခိုက် #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #Ayeyarwaddy_Times