
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဧပြီ ၉ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့က အမျိုးသမီးခြောက်ဦး နှင့် အမျိုးသား ၁၁ ဦးတို့ကို အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မင်းလှမြို့နယ်အတွင်းရှိ ၎င်းတို့စစ်ကြောင်းထိုး လာရာလမ်းတွင်တွေ့ရသည့် ဒေသခံ အမျိုးသား ၁၁ ဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများမှာ တနာပိုလေးရွာမှ ဦးတင်ဦး ၃၅နှစ်၊ ဦးတင်နိုင်စိုး ၃၆နှစ်၊ ကိုအောင်မျိုးနိုင်၂၀နှစ်၊ တနာပိုကြီးရွာမှ ဦးထွန်းနိုင်၄၀ နှစ်၊ရွာမရွာမှ လမ်းခင်းကျောက်ကားမောင်းသည့် ကားမောင်းသူအမျိုးသားတစ်ဦး၊ တောင်စလဲကုန်းရွာမှ အမျိုး သားတစ်ဦးနှင့် နေရပ်မသိရသေးသည့် သစ်ပင်လိုက်လံခုတ်သူ အမျိုးသား ငါး ဦးတို့ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“စစ်ကြောင်းထိုးလာတဲ့လမ်းမှာ တွေ့တဲ့သူအကုန်ဖမ်းခေါ်သွားတာ။ အဲ့နေ့က ရွာတွေမှာအကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်တာ။ အိမ်ထဲပြေးပုန်းတဲ့သူပုန်းနဲ့။ ချိန်းဆွဲသမား ငါး ယောက်ကဘယ်ကမှန်းမသိရသေးဘူး။ ဖမ်းခံရတာပဲအတည်ပြုလို့ရတယ်။ ဒီဖမ်းခေါ်သွားခံရတဲ့သူတွေထဲ ကသုံးယောက်တော့လွတ်ပြီပြောတယ်။ မသေချာသေးဘူး။ ဒီဘက်မှာက အုပ်ကြီးတွေက စစ်မှုထမ်းဖို့ လူမစုပေးတော့ စစ်တပ်က သူတို့ကိုယ်တိုင် လူတွေကို လိုက်ဖမ်းခေါ်နေတယ် ” ဟု မင်းလှဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အုတ်ဖို့မြို့နယ်တွင်လည်း အဆိုပါနေ့ညအချိန်၌ ဝင်းသရက်ရွာမှ အမျိုးသမီး ခြောက် ဦးကို ကြို့ပင်ကိုးရွာတောစပ်တနေရာတွင် စစ်ကောင်စီကအကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
“အုတ်ဖိုက အမျိုးသမီးတွေကို ဖမ်းသွားတာပဲတွေ့လိုက်ရတာ။ ဘာလို့ဖမ်းလဲ မသိသေးဘူး။ အခုထိလဲ အဆက်သွယ်ရတာ။ အကြောင်းအရာ သိရတာမျိုးမရှိသေးဘူး။ အဲ့တာပြီးတော့ အနီးအနားရွာတွေက ဒေသခံဖုန်းတွေကို သူတို့(စစ်ကောင်စီ)က စစ်နေတယ်လို့သိရတယ်” ဟု အဆိုပါမင်းလှဒေသခံ အမျိုးသားက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းလိုက်ချိန်မှစပြီး ဧပြီ ၈ ရက်နေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၂၆၄၉၇ ဦးအထိရှိပြီး အမျိုးသမီးအရေအတွက် ၅၄၄၉ ဦးအထိ ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#မင်းလှ #အုတ်ဖို #စစ်ကောင်စီတပ် #ဒေသခံဖမ်းဆီးခံရ #အမျိုးသမီး #စစ်ကြောင်းထိုး #Ayeyarwaddy_Times