ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

စစ်ကောင်စီအာဏာသိမ်းထား‌သောသုံးနှစ်မြောက်ချိန်တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်ကိုစည်ကားစေရန် ကြိုးစားပြင်ဆင်နေကြောင်း မြေပြင်အခြေအနေများအရ သိရသည်။

နေပြည်တော်၊ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်င်္သကြန်များ ထည့်သွင်းကျင်းပမည့်အပြင် တိုက်ပွဲများဖြစ်ပွါးပြီး စစ်ရှုံးနေသည့် ပြည်နယ်မြို့တော်များတွင်ပါ သကြ်န်ပွဲတော် ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော်သင်္ကြန်မဏ္ဍပ်တည် ဆောက်ပြီးစီးနေပြီး ရဲနှင့်စစ်သားများကလုံခြုံရေးယူ စောင့်ကြပ်နေကြောင်း ပန်းဘဲတန်းနေထိုင်သူတစ်‌ဦးက ပြောကြားသည်။

ထို့ပြင် အလုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် အခြားမြို့နယ်များတွင် ရေကစားမဏ္ဍပ်တည်ဆောက်နေသည်ကိုတွေ့ရှိရကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

” သူတို့က (စစ်ကောင်စီ) ဒီနှစ်သင်္ကြန်ကိုစည်းကားလုပ်ဖို့ထင်တယ်။ မဏ္ဍပ်တွေဆောက်နေကြတယ်။ အရင်နှစ်တွေက အလုံဘက်လိုမြို့နယ်တွေမှာ မဏ္ဍပ်မရှိဘူး။ အခုအလုံထဲမှာပဲ သုံးခုလောက်ရှိတယ်။သူတို့ဆောက်လည်းဘယ်သူ့မှသွားကြမှာမဟုတ်ပါဘူး ” ဟု ရန်ကုန်မြို့တွင်းပြေးဆွဲနေသူ တက္ကယဉ်မောင်းတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့အတွင်း ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု စုစုပေါင်း ၂၀၀ ကျော်အပါအဝင် လမ်းလျှောက်သင်္ကြန် နှစ်နေရာထည့်သွင်းထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

” စိတ်ဝင်စားမယ့်သူ​တွေက​​တော့ရှိနိုင်တာပဲ။ ဘယ်အ​ခြေအ​နေမှာမဆို ​ပျော်ပါးမယ့်သူ​တွေက​တော့ရှိတဲ့အတွက် သွားကြမှာ။ ဒီနှစ်လည်း မနှစ်ကထက် နည်းနည်းပါးပါး​တော့ ပိုစည်မှာ​​ပေါ့၊ စည်​အောင်လည်း စစ်ကောင်စီ ကလုပ်ထားမှာပဲ၊ လူ​တွေကလည်းနှစ်နည်းနည်းကြာ​တော့ ​ပျော်စရာရှာလာတာပဲ ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ကျုံးပတ်လည်မြို့တွင်းနှင့် ကမ်းနားလမ်းတို့တွင် ဖျော်ဖြေရေးမဏ္ဍပ် ၁၈ ခု ကစားမဏ္ဍာပ် ၁၄ ခု စုစုပေါင်း ၃၀ ကျော်ပါဝင်ပြီး ကျုံးတောင်ဘက်ခြမ်း ( ၂၆ လမ်းမှ ၃၅ လမ်း) အထိ နှင့် ၇၃ လမ်း မင်္ဂလာမန္တလေးရှေ့တွင် လမ်းလျှောက်သင်္ကြန်အဖြစ် နေရာသတ်မှတ်ထားကြောင်း စစ်‌ကောင်စီထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့ဘက်ခြမ်းတွင် လူဦးရေ ၅၀၀ စာကျွေးမွေးနိုင် စတုဒိသာမဏ္ဍပ်ရှိကြောင်းသိရသည်။

“သွားရင်​​တော့ ဖြစ်ချင်မှလည်းဖြစ်မယ်။ ဘာမှမဖြစ်ချင်လည်းမဖြစ်ဘူး​ပေါ့။ သူတို့လုံခြု​ရေး​တွေလည်း အပြည့်ယူထားတာ။ ဒီအချိန်ကာလက မငြိမ်မသက်အ​ခြေအ​နေဆို​တော့ အန္တရာယ်က​တော့ အချိန်မ​ရွေးဖြစ်သွားနိုင်တာ​တော့ သသတိပြုရမယ်။ ဒီအန္တရာယ်ကလည်း ဟိုဘက်​ရော ဒီဘက်​ရော ​ကြောင့်ဖြစ်နိုင်တာ။ ဒီ​တော့ ​ပျော်ပါးမယ်ဆိုလည်း အ​ခြေအ​​နေကြည့်ပြီး ​​‌ပျော်ကြပေါ့ ” ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကိုလည်း ယခင်နှစ်ကထက်ပိုမိုစည်ကားသိုက်မြိုက်စေရန် ဆောင်ရွက်နေပြီး ရေကစားမဏ္ဍပ်များ ဈေးဆိုင်တန်းများပြင်ဆင်နေကြောင်းသိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#သင်္ကြန် #စစ်ကောင်စီပြင်ဆင် #မဏ္ဍပ် #တည်ဆောက် #နေပြည်တော် #ရန်ကုန် #မန္တလေး #Ayeyarwaddy_Times