
ဧရာ၀တီတိုင်းမ်
မတ် ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ဇီးကုန်းတိုက်နယ် အတွင်းသို့ စစ်ကောင်စီနှင့် ပျူစောထီးများမှ စစ်သင်တန်းအတွက် အင်အားသုံးပြီး စာရင်းကောက်ယူရန် ကြိုးစားလာသည့်အတွက် ဒေသခံပြည်သူ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာ၊ ကျောင်းကုန်း နှင့် ဖိုလ်ကုန်းရွာများအတွင်းသို့ ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့က စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ် သားများ စာရင်းလာရောက်ကောက်ယူရန် ကြိုးစားကြသည့်အတွက် အဆိုပါရွာ သုံးရွာမှ ပြည်သူ ၅၀၀၀ ခန့် အရေးပေါ်ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
မတ်လ နောက်ဆုံးပတ်တွင် ကျေးရွာများရှိ လူငယ်များကို အိမ်ထောင်စုစာရင်းနှင့်တိုက်ပြီး စစ်သင်တန်းတက်ရောက်ရန် လျှောက်လွှာ တင်ခိုင်းမည်ဟု သတင်းလွှင့်ထားခဲ့ပြီး မတ် ၂၅ ရက်နေ့တွင် စစ်ကောင်စီဘက်မှ လက် နက်ကြီးဖြင့် ပစ်ခတ်ပြီး ရွာအတွင်း ၀င်ရောက်လာ သောကြောင့် ဒေသခံပြည်သူများထွက်ပြေးကြရခြင်း ဖြစ်သည်ဟု ဆိုသည်။
” အရင်ရက်တွေကတည်းက ရွာတွေကို အိမ်ထောင်စုနဲ့ တိုက်ပြီး စစ်သင်တန်းတက်ဖို့ စစ်သားနဲ့ပျူတွေလာမှာလို့ ပြောသံကြားနေရတာ။ ၂၅ ရက်ကျတော့ စစ် ကောင်စီဘက်က ရှေ့ကင်းတွေချပြီး လက်နက်ကြီး တွေရမ်းပစ်ပြီး အင်အားနဲ့လာတာလို့သိရတော့ ဘယ်သူမှမနေရဲကြဘူး။ အကုန်ထွက်ပြေးရတာ။ ဒီစစ်ကောင်စီ မကောင်းမှန်းသိသားနဲ့တော့ ကိုယ့်သားသမီး လည်း သင်တန်းအတက်မခံနိုင်ဘူး။ သူတို့အတွက်လည်း အသေခံမပေးနိုင်ဘူး။ စစ်ရှောင်ရတာ တအားဒုက္ခရောက်တာ သိတယ်။ မတတ်နိုင်ဘူး။ သူတို့လက်ကလွတ်ဖို့အရေးကြီးတော့ ရှောင်ပြေးရတာပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် လူဦးရေ ၅၀၀၀ နီးပါး၏ နေထိုင်ရေးနှင့်စားသောက်ရေးများကို ကန့်ဘလူတော်လှန်ရေးတပ်ဖွဲ့များက စီစဉ်ပေးလျက်ရှိ ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များသည် ကန့်ဘလူ ခရိုင်အတွင်းရှိ ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့်ကျေးရွာ အများစုမှ လူငယ်များအား အိမ်ထောင်စုစာရင်းနှင့်တိုက်စစ်ကာစစ်သင်တန်း တက်ရောက်ရန် အတင်းအ ကြပ်ဖိအားပေး၍ လျှောက်လွှာဖြည့်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။
ရပ်ဝေးသို့ပြောင်းရွှေ့နေထိုင်ကြသူများကိုပါ မဖြစ် မနေပြန်ခေါ်ရန် ဖိအားပေးခြိမ်းခြောက်မှုများလည်း ပြုလျက်ရှိကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ် နှင့် ဇီးကုန်းတိုက်နယ်တို့သည် စစ်ကောင်စီနှင့် ပျူအထိုင်ကျေးရွာများနှင့် အလွန်နီးကပ်ခြင်းကြောင့် အမြဲတမ်းစစ်ဘေးရှောင်နေရပြီး အချို့ ကျေးရွာများမှာ စစ်ဘေးရှောင်ချိန် တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်၍ စစ်ဘေးရှောင်ဦးရေ တိုးပွားလာကာ စား၀တ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ နယ်မြေများမှ လူငယ်များကို စစ်မှုထမ်းဥပဒေအစီအစဉ်တိုင်းမဟုတ်ဘဲ အတင်းအကြပ်စာရင်းကောက်ယူကာ တပ် သားသစ်စုဆောင်းမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဓါတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ပုံစာ- မတ် ၂၅ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ
#ကန့်ဘလူ #ဇီးကုန်းတိုက်နယ် #စစ်မှုထမ်းဥပဒေ #ဖိအားပေးလူသစ်စုဆောင်း #ထွက်ပြေးတိမ်းရှောင် #Ayeyarwaddy_Times