ဧရာဝတီတိုင်းမ်
မတ် ၁၁ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများမှ နိုင်ငံသားအဖြစ်သတ်မှတ်ခ့ရခြင်း မရှိသေးသည့် အစ္စလာမ်ဘာသာဝင် ၊ မူဆလင်လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းပေး၍ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က မူဆလင်လူငယ်များကို အဆောက်အအုံ တစ်ခုထဲတွင် စုဝေးထိုင်နေစေပြီး စစ်ကောင်စီတပ်၊ ရဲနှင့် မီးသတ်ဝတ်စုံဝတ်ထားသည့်လူ အချို့က သင်တန်းပေးနေသည့် ရုပ်သံဖိုင်ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ရုပ်သံတွင် မူဆလင်လူငယ်ရာချီကို စစ်သင်တန်းပေးနေသည့် စစ်တွေမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်းရှိ အဆောက်အအုံအတွင်းကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကိုယ်တိုင် လာရောက်၍ ဦးစီးကွပ်ကဲနေသည်ကို တွေ့ရသည်။

မတ်လ ၉ရက်နေ့တွင်ထွက်ပေါ်ခဲ့သည့် ရုပ်သံဖိုင်တွင်လည်း စစ်ကားတစ်စီးပေါ်၌ စစ်ကောင်စီအသုံးပြုကိုင်ဆောင်သည့် ဘီအေ ၆၃၊ ဘီအေ ၇၂ အမျိုးအစား DPလေ့ကျင့်ရေး သေနတ်များကိုင်ဆောင်၍ စစ်ဝတ်စုံဝတ်ထားသည့် မူဆလင် လူငယ်များကို တွေ့ရသည်။

“စကစ(စစ်ကောင်စီ)ဟာ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဆောင်ခိုင်းဖို့ လုပ်လာတာ တွေ့ရတယ်။ ကျွန်တော်တို့ ရခိုင်ဂွင်မှာတုန်းက AA(ရက္ခိုင့်တပ်တော်) နဲ့ချရလို့ dead body ရရင် “အလောင်း တွေသေချာစစ်စမ်း မုတ်ဆိတ်တွေပါလား” ဆိုပြီး အမြဲမေးတယ်။ တစ်ခါမှပါတာ မတွေ့ခဲ့ပါ။ စစ်ဗိုလ်ချုပ်တွေရဲ့သဘောအရ AAဟာ ရိုဟင်ဂျာတွေကို သုံးပြီး တိုက်နေတယ်ဆိုတဲ့ messageကိုလိုချင်တာ။ နှာခေါင်းလေး နည်းနည်း လောက်တောင် မချွန်ဘူးလားကွာဆိုပြီး လာသေးတာ။ အတိအကျပြန်ဖြေရင် မကြိုက်ကြတာ အမှန်။ အခုတော့ကြမ္မာရဟတ် တစ်ပတ်လည်ပြီ စကစရေ” ဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။

လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအသွင်ဖန်တီးမှုများ ပြုလုပ်လျက်ရှိသည့် စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင် နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမပြုဘဲထားရှိထားသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင်ရှိသော ဒုက္ခသည် စခန်းများမှ မူဆလင်လူငယ်များကို အတင်းအကျပ်ခေါ်ဆောင်လာပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့စေလွှတ်၍ စစ်မှုထမ်းခိုင်းနေကြောင်း သိရသည်။

ထိုသို့ ဒုက္ခသည်စခန်းများက မူဆလင်လူငယ်များကို စစ်မှုထမ်းခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ မူဆလင်လူငယ်များကို စစ်မှုထမ်းခိုင်းသည်မှာ မဟုတ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ငြင်းဆိုထားသည်။

“မြန်မာနိုင်ငံသား မဟုတ်ရင်‌မခေါ်ပါဘူး။ ဘင်္ဂလီလူမျိုးတွေကို ခေါ်ယူခြင်းလည်း မရှိပါဘူး” ဟု ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ထိုသို့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုထားသော်လည်း မတ်လ ၈ရက်နှင့် ၉ ရက်နေ့တို့တွင် စစ်တွေဒကစ (စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) အတွင်းတွင် မူဆလင်လူငယ်များအား စစ်သင်တန်းပေးနေသည်ကို နယ်လုံဝန်ကြီးကိုယ်တိုင် ကြီးကြပ်ကြည်ရှု့နေသည့် ရုပ်သံဖိုင်နှင့် ရှေ့တန်းစစ်မျက်နှာသို့ မူဆလင်လူငယ်များကို လက်နက်တပ်ဆင်ပေး၍ စေလွှတ်နေသည့် ရုပ်သံဖိုင်များ ထွက်ပေါ်လာခဲ့သည်။

ပုံစာ-စစ်တွေ ဒကစအတွင်း စစ်သင်တန်းပေးခံနေရသည့် မူဆလင်လူငယ်များ
#စစ်ကောင်စီ #မူဆလင်လူငယ် #စစ်သင်တန်းပေး #ရှေ့တန်းစစ်မျက်နှာစေလွှတ် #Ayeyarwaddy_Times