
ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်- မိုးကုတ်လမ်းပေါ်ရှိ သံဘိုရွာတွင်ရှိသော တအောင်းတပ်မတော် (TNLA) စခန်းတည်ရှိရာနေရာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ယမန်နေ့ မတ်လ ၈ ရက်နေ့ နံနက် ၆နာရီခန့်က နောင်ချိုမြို့နယ်၊ သံဘိုရွာရှိ TNLA ၏တပ်စခန်းတည်ရှိရာကို စစ်ကောင်စီ၏ ကျောက်မဲမြို့စစ်စခန်းမှနေ၍ လက်နက်ကြီးဖြင့် ကိုး လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သံဘိုရွာအနီးရှိ ဒေသခံများထံက သိရသည်။
“လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက ပစ်ခတ်တာမှာ လူအထိအခိုက်ရှိတယ်တော့ မကြားရဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်တိုက်ပွဲတွေ စဖြစ်ကတည်းက သံဘိုတို့ သုံးဆယ်ရွာတို့ ကျောက်မဲလေးရွာတို့ကနေ တော်တော်များများ စစ်ရှောင်သွားကြပြီ။ ပြန်ဝင်လာပြီး နေထိုင်သူတွေလည်းရှိပါတယ်” ဟု သံဘိုရွာအနီးရှိဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟိုင်ဂင်သဘောတူညီချက်ဖြင့် ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သော MNDAA၊ TNLA၊ AA တပ်ဖွဲ့တို့နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက်နေ့က တတိယအကြိမ် အပစ်အခတ်ရပ်စဲရန် တွေ့ဆုံသဘောတူပြီးနောက် စစ်ကောင်စီက သဘောတူညီချက်ကိုချိုးဖောက်ပြီး သံဘိုရွာရှိ TNLA စခန်းရှိရာကို ယခုအကြိမ်အပါအဝင် လက်နက်ကြီးဖြင့် နှစ်ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ရက်နေ့ကလည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ TNLA တပ်စွဲရာနေရာကို စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ချိုးဖောက်၍ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် TNLA တပ်များ ငြိမ်းချမ်းရေးကုန်းမှ ဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင်လည်း စစ်ကောင်စီက ကျောက်မဲ၊ လားရှိုးနှင့် သီပေါမြို့များတွင် စစ်အင်အားများဖြန့်ကျက်ပြီး စစ်ရေးပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက ထိုသို့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည့်အပြင် ယခုကဲ့သို့ TNLA တပ်စခန်းရှိရာကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းဖြစ်သည်။
#နောင်ချို #သံဘိုရွာ #စစ်ကောင်စီ #TNLA
#လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times