ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကဝက်ချောင်းကြီးကျေးရွာရှိ ဒေသခံလေးဦးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ) ဟုစွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ စွပ်စွဲ ဖမ်းဆီးခြင်းခံရသူများမှာ ကဝက်ချောင်းကြီးကျေးရွာဒေသခံများ ဖြစ်ကြသည့် ကိုနိုင်နှင့် မစုမာ လင်မယား နှစ်ဦးအပါဝင် မိုးတီ(ခ)မောင်ထက်မြတ်စိုး၊ မောင်လှိုင်မျိုးကျော်တို့ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပကဖ တွေဆိုပြီး စစ်တပ်က လာဖမ်းသွားတာ။ ညနေပိုင်းမှာပါ။ ကိုနိုင်နဲ့ မစုမာတို့ လင်မယားရယ်၊ ကျန်တဲ့နှစ်ယောက်ကလူငယ်တွေပါ။ အခုချိန်ထိ အဆက်အသွယ်မရ ကြသေးဘူး။ သူတို့ကရွာမှာ အေးဆေးနေပြီး လယ်ယာလုပ်ကိုင်နေတဲ့သူတွေပါ” ဟု ဒေးဒရဲမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကိုနိုင်နှင့် ဇနီးမစုမာ၊ မိုးတီ(ခ) မောင်ထက်မြတ်စိုး၊ မောင်လှိုင်မျိုးကျော်တို့ လေးဦးကို ဒေးဒရဲမြို့မရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေး နေကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။
ဖမ်းဆီးခံထားရသူ လေးဦး၏ မိသားစုဝင်များသည် ယနေ့အချိန်အထိ တွေ့ခွင့် မရ သေးဘဲ အဆက်အသွယ်ပြတ်တောက်နေကြောင်း ဒေသခံများက ဆိုသည်။
#ဒေးဒရဲမြို့ #လင်မယားနှစ်ဦး #ဒေသခံလေးဦး #ပကဖဟုစွပ်စွဲ #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Times