
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဖေဖော်ဝါရီ ၁၉ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦး ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါးဒတ်ကွင်း ကျေးရွာ အနောက်မြောက်ဘက်၊ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၂၀၇ တပ်ရင်းအနီးရှိ ကျောက်မိုင်းဟောင်းသို့ တံမြက်စည်းလှည်းတံ(နတ်မြားတံ) ချိုးရန်သွားရောက်သည့် ကိုရန်နိုင်စိုး၂၈နှစ် သည် စစ်ကောင်စီက ထောင်ထားသည့်မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ဘက်ခြေသလုံး ပြတ်ထွက်ဒဏ်ရာရရှိခဲ့ပြီး၊ ညာဘက် ခြေသလုံး၊ ကျားလိင်အင်္ဂါနှင့် မေးစေ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“အဲ့ဒီနားဝန်းကျင်မှာ မနှစ်က (၂၀၂၂ ခုနှစ်) နှစ်ကုန်ထဲက စစ်တပ်က မိုင်းထောင်ထားတာ။ အရင်ကတော့အဲ့ဒီနား လမ်းက ကျောက်မိုင်း၊ ကျောက်ကားတွေသုံးတဲ့လမ်း။ အရင်ကတော့ အသုံးများတယ်။ အခုကျောက်လုပ်ကွက်တွေပိတ်လိုက်တော့ သိပ်မသုံးဖြစ်ကြတော့ဘူး။ ဒေသခံတွေကတော့ သုံးလေ့သုံးထရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အဆိုပါနေရာအနီးတစ်ဝိုက်တွင် တော်လှန်ရေးတပ်ဖွဲ့များ သွားလာ လှုပ်ရှားခြင်းပြုမည်စိုးရိမ်သည့်အတွက် မြေမြှုပ်မိုင်းများထောင်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဝါဒဖြန့်စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ KNU ၊ PDFများ ထောင်ထားသည့် မိုင်းကြောင့် ဒေသခံမိုင်းနင်းမိရခြင်းဖြစ်ကြောင်း ဝါဒဖြန့်ပြောဆို လျက်ရှိသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်ရင်းများ၊ တပ်ရင်းသို့ရောက်ရှိနိုင်သည့် လမ်းနှင့် အနီးတစ်ဝိုက်နေရာများတွင် မြေမြှုပ်မိုင်းများထောင်ထားလေ့ရှိပြီး တပ်မိသားစုဝင် များသည်ပင် မိုင်းနင်းမိသည့်ဖြစ်စဉ်များရှိခဲ့ပြီး တနင်္သာရီမြို့နယ်အခြေစိုက် ခမရ-၅၆၁ တပ်ရင်းမှ တပ်မိသားစုဝင်အမျိုးသမီးတစ်ဦးမှာ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ် ထွက်လုနီးပါး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာ အနီးတွင် မြေမြှုပ်မိုင်းအများအပြားထောင်ထား၍ ပြီးခဲ့သည့် ၂၀၂၃၊ ဇူလိုင်လ ၁၃ ရက်နေ့က အသက် (၁၃) နှစ်အရွယ်ရှိ မောင်အေးချမ်းသည် သိမ်ဇရပ်ရှိ ကြံ့ခိုင်ရေးလော်ဘီ ငါးမင်းဆွေ ခြံအနီးတွင် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၀၀ ကျော်အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း Landmine & Cluster Munition Monitor အဖွဲ့ထံက သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ နှစ်စမှစတင်ကာ စက်တင်ဘာလအထိ စာရင်းများအရ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်ခံရသူ ၈၅၈ ဦးအထိရှိခဲ့သည်။
ယင်းတို့အနက် ၁၅၃ ဦးသေဆုံးကာ ၇၀၅ ဦးဒဏ်ရာရခဲ့ပြီး ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း UNICEF Myanmar အစီရင်ခံစာအရသိရသည်။
ဓာတ်ပုံ – စစ်တပ်လော်ဘီတယ်လီဂရမ်
#သိမ်ဇရပ် #မြေမြှုပ်မိုင်း #ဒဏ်ရာပြင်းထန် #စစ်ကောင်စီမိုင်းထောင် #ခမရ၂၀၇ #Ayeyarwaddy_Times