ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရမ္မာ၀တီ ရမ်းဗြဲမြို့ကို အလုံးစုံပြိုပျက်စေရန်ရည်ရွယ်၍ လေကြောင်း၊ ရေကြောင်းတို့အသုံးပြု ကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့က ရမ်းဗြဲမြို့၊ သိမ်တော်တောင်နှင့် ကိုယ်ရံတော်တောင်အနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ရမ်းဗြဲမြို့ကို လေကြောင်း၊ ရေကြောင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်‌နီးပါးပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို အလုံးစုံပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ တစ်ရက် တည်းတွင်ပင် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် ရမ်းဗြဲမြို့အမှတ် (၄) ကင်းတဲ ရပ်ကွက်မှ လူနေအိမ် ၁၅၀ ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရမ်းဗြဲသိမ်းတောင်ဘုရားကုန်းထက်၌ အခြေ ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့မှ လက်နက်ကြီးဖြင့် နှစ် ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“အခုက မြို့ထဲကလူ​တွေအကုန်နီးပါး စစ်​ရှောင်​နေကြရတယ်။ တိုက်ပွဲစဖြစ်တဲ့ ​တောင်ဥက္ကလာရပ်ကွက်နဲ့ ​လောင်း​ချောင်းရပ်ကွက်က​တော့ ရစရာမရှိ​တော့ဘူး။ ​စျေး​တွေလည်း​လောင်ကုန်ပြီ။ ကျွန်​တော်တို့လည်း စစ်​ရှောင်လာရပါပြီ” ဟု စစ်​​ရှောင်လာသည့် ရမ်းဗြဲ​ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို​ပြောသည်။

စစ်ကောင်စီက ရမ္မာ၀တီရမ်းဗြဲနှင့် စစ်တွေမြို့မကျစေရေးစီမံချက် ရေးဆွဲနေပြီး တိုက်ပွဲပြင်းထန်စွာဖြစ် ပွားခြင်းမရှိသည့် ရမ်းဗြဲမြို့ကို အလုံးစုံပျက်စီးသွားစေရန် ပစ်ခတ်တိုက်ခိုက်နေပြီး ရမ်းဗြဲမြို့ကို AA ရရှိ သွားပါကလည်း အပျက်အစီးမြို့တစ်ခု ဖြစ်နေစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် ရမ်းဗြဲမြို့၏ ၈၀ ရာခိုင်နှုန်းခန့်သည် မီး လောင်ပျက်စီးလျှက်ရှိပြီး မြို့နေပြည်သူ နှစ်သောင်းကျော်မှာလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရ ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ရမ်းဗြဲနှင့် စစ်တွေ့မြို့အနီး ၀န်းကျင်တွင်ရှိသည့် မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပလက်၀၊ ဆမီး၊ ပေါက်တော၊ တောင်ပြိုလက်ဝဲမြို့များကို သိမ်းထားပြီး ရသေ့တောင်၊ ကျောက်ဖြူနှင့် မောင်တောရှိ စစ်ကောင်စီစစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပုံစာ-စစ်​ကောင်စီ၏​လေ​ကြောင်းနှင့် ​ရေ​ကြောင်းတို့မှ ပစ်ခတ်တိုက်ခိုက်မှု​ကြောင့် ပျက်စီး​နေသည့် ရမ်းဗြဲမြို့
#ရခိုင် #ရမ်းဗြဲ #စစ်ကောင်စီ #ရည်ရွယ်ချက်ရှိရှိ #ဖျက်ဆီး #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times