နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဖွဲ့စည်း၍ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် လူစုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ ပြည်သူ့စစ်မှုထမ်းရန်အတွက် လူစုဆောင်းမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ Non CDM ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ် နှင့် လူမှုရေးအသင်းအဖွဲ့များ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီအလိုကျ ခန့်အပ်ထားသည့် ရပ်မိရပ်ဖများ ပါဝင်နေကြောင်းသိရသည်။

“ခုကမြို့နယ်တွေကော ရပ်ကွက်နဲ့ ကျေးရွာတွေမှာပါ လိုက်ဖွဲ့နေတာ။ အိမ်ထောင်စုစာရင်းတွေကို ပြုစုထားတယ်။ သူတို့နဲ့ဆက်စပ်ပြီး စစ်မှုထမ်းဖို့ ဝါသနာပါသူတွေဆို တခါထဲခေါ်သွားတယ်။ သူတို့စည်းရုံးလို့မရတဲ့ သူတွေဆို စာရင်းယူထားတယ်။ အကျယ်ချုပ်ပုံစံမျိုးနဲ့ သူတို့လိုတဲ့အခါ အလွယ်တကူခေါ်နိုင်အောင်စီစဥ်နေတယ်” ဟု မြန်အောင်မြို့တွင် နေထိုင်သူ ဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖွဲ့စည်းပုံမှာပါတာတော့ မြို့နယ် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုးတွေက ဥက္ကဌရဲအရာရှိ (သို့) နယ်ထိမ်းက ဒု ဥက္ကဌ မီးသတ် ပညာရေး ကျန်းမာရေး လူမှု့ရေးအသင်းအဖွဲ့ ရပ်မိရပ်ဖတွေနဲ့ အများဆန္ဒနဲ့ရွေးချယ်ခံရသူက အတွင်းရေးမှုးမြို့နယ် ရပ်ကွက် ကျေးရွာ စာရေးတွေက ဒုအတွင်းရေးမှုးတာဝန်ပေးအပ်ထားတယ်လို အဆ်ုပါအမျိုးသမီးကဆိုပါတယ်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ဓနုဖြူ၊ အိမ်မဲ၊ မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုတ်လတ်၊ ကျောင်းကုန်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် အဓိကထား ဖွဲ့စည်းထားနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့်သူများထံက သိရသည်။

#ဧရာဝတီတိုင်းမြို့နယ်များ #ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့#စစ်ကောင်စီတပ် #လူသစ်စုဆောင်းနေ #Ayeyarwaddy_Times