
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး၀န်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ပတ်စပို့ (Passport) ရုံးတွင် လူပေါင်း သောင်းနှင့်ချီတိုးဝှေ့ ကြရာမှ လူအုပ်ပိ၍ အမျိုးသမီး နှစ်ဦး သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပတ်စပို့ ရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၂ နာရီ၀န်ကျင်းခန့်က သောင်းနှင့်ချီသောလူအုပ်ကြီးသည် တိုးဝှေ့တန်းစီကြရာမှ အမျိုးသမီး နှစ် ဦးမှာ လူအုပ်ပိ၍ အသက်ရှူကျပ်ကာ သေဆုံးပြီး တစ်ဦး မှာ ခြေထောက်ကျိုးသွားကြောင်း မြို့နယ်ရှိလူမှုကူညီ ရေးအဖွဲ့ထံက သိရသည်။
မန္တလေး ပတ်စပို့ ရုံးတွင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများ၏ လျှောက်လွှာတင်ခွင့်ကို စောင်ရေ ၂၀၀ ခန့်သာ လက်ခံသောကြောင့် လူဦးရေ သောင်းချီသည့် လူအုပ်ကြီးသည် လျှောက်လွှာတင်ခွင့်ရရှိရေးအတွက် ည ၁၂ နာရီ၀န်းကျင်မှစ၍ စောင့်ဆိုင်းတန်းစီနေပြီး ပတ်စပို့ လျှောက်ထားသူ အလွန်များပြား၍ ယခုကဲ့သို့ သေဆုံးမှုဖြစ်ပွားခဲ့ဖြစ်ကြောင်း သိရသည်။
“ပတ်စပို့ ရုံးမှာ လူအုပ်ပိလို့ အမျိုးသမီး သုံး ဦးကို အရေးပေါ်ပို့ပေးခဲ့ရတာပါ။ နှစ် ဦးကသေပြီး တစ်ဦးကတော့ ခြေထောက်ကျိုးသွားတယ်”ဟု လူမှုကယ် ဆယ်ရေးအဖွဲ့၀င် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
သေဆုံးသူ အမျိုးသမီးနှစ်ဦးမှာ အသက် (၅၂) နှစ်အရွယ် ဒေါ်ခင်မျိုးအေးနှင့် အသက် (၃၉) နှစ်အရွယ် မခိုင်ဝေတို့ဖြစ်ပြီး မဌေးဌေး၀င်းသည် ခြေထောက်ကျိုးသွားကြောင်း သိရသည်။
ပတ်စပို့ ရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများကို နံနက် ၄ နာရီထက်စော၍ တန်းစီခြင်း မပြုလုပ်ရန် သတိပေးစာကပ်ထားသော်လည်း လူဦး ရေသောင်းချီပြီး တိုးဝှေ့တန်းစီရသည့်အတွက် လျှောက်လွှာတင်ခွင့်ရရှိရန် ညသန်းခေါင်ကတည်းက လာရောက်တန်းစီ နေကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လျှောက်ထားသူကိုယ်တိုင် သို့မဟုတ် အိမ်ထောင်စု စာရင်းပါ မိသားစု၀င်များကိုသာ လာလျှောက်ထားခွင့် ပြုပြီး အခကြေးငွေ ယူ၍ လူစားထိုးတန်းစီခြင်းကို အရေးယူမည်ဟုဆိုသော်လည်း တန်းစီနေရာများကို ရောင်းချနေသည့် ပွဲစားဈေးကွက်မှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ကာ ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကိုပါ ဖွဲ့စည်းပြီးနောက် နိုင်ငံတွင်းရှိပြည်သူများ နိုင်ငံခြားထွက်ခွာခွင့် ရရှိရေးအတွက် ပတ်စပို့ ရုံးများတွင် လူ သောင်းနှင့်ချီ တိုးဝှေ့လျှောက်လွှာ တင်သူများပြားလာ ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-မန္တလေး ပတ်စပို့ ရုံးတွင်တန်းစီနေသည့်လူအုပ်နှင့် လူအုပ်ပိ၍ သေဆုံးသွားသည့် အမျိုးသမီး ၂ ဦး
#မန္တလေး #Passport #လူအုပ်ပိ #အမျိုးသမီး၂ဦး #သေဆုံး #ခြေထောက်ကျိုး
#Ayeyarwaddy_Times