မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာတည်ကြောင်းအသက်သွင်း လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ နားလည်ပြီး အမြင်မှန်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်အတွက် ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA) သို့ ၎င်းကိုယ်တိုင် သွားရောက် ၍ စည်းရုံးရေးဆင်းကာ တိုက်တွန်းစေခိုင်းခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ရန်ကုန်တိုင်း၊ ‌ဗဟန်းမြို့နယ်ရှိ YMBA အသင်း ဗဟိုရုံးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ တိုက်တွန်းစေခိုင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်စေခဲ့ပြီး ဥပဒေ၏ရည်ရွယ်ချက်မှာ ဒို့တာ၀န် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး YMBA အသင်းအနေ နှင့်လည်း ဗလငါးတန်ပြည့်၀အောင် ဆောင်ရွက်ရာတွင် အဆိုပါအချက်ကို ထည့်သွင်း စဉ်းစားရန်လိုအပ်ပြီး စစ်မှုထမ်းဥပဒေကို နားလည်၍ ပြည်သူများကိုပါ အမြင်မှန် ရရှိစေရေး ဆောင်ရွက်ပေးရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

ထို့ပြင် စစ်ခေါင်းဆောင်က YMBA အသင်းအနေဖြင့် အမျိုး ဘာသာ သာသနာ ကာကွယ် ရန် တာ၀န်ရှိသည့်အပြင် လူငယ်များမှ ပြည်ပမှသွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်း ဖက်လုပ်ငန်းများတွင် ပါ၀င်နေသဖြင့် နိုင်ငံအနာဂတ်အတွက် စိုးရိမ်ဖွယ်ဖြစ်နေပြီး လူငယ်၊ လူရွယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်ရောက်ရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ယခုလက်ရှိတွင် စစ်မှုထမ်းဟောင်းများက တာ၀န်‌ပြန်လည်‌ထမ်းဆောင်ရန် ဆန္ဒပြု သူများရှိနေသလို စစ်မှုထမ်းမဟုတ်သည့်သူများကလည်း စစ်တပ်အတွင်း တာ၀န် ထမ်းဆောင်လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများ များပြားနေပြီဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်းကြီး (YMBA) သည် စစ်ခေါင်းဆောင်ကို ၎င်းတို့၏ ရာသက်ပန်နာယကအဖြစ် ဘွဲ့တံဆိပ်များပေးအပ်ကာ ခန့်အပ်ထားပြီး စစ်ခေါင်းဆောင်က ၎င်း၏ လက်ဝေခံအဖွဲ့များထံ သွားရောက်၍ ပြည်သူများကို စည်းရုံးရန် တိုက်တွန်းစေခိုင်းနေခြင်း ဖြစ်သည်။

ဓာတ်ပုံ-စစ်ကောင်စီ

#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #YMBA #စစ်မှုထမ်းဥပဒေ #တပ်သားသစ် #တိုက်တွန်း #စေခိုင်း
#Ayeyarwaddy_Times