
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲဗျူဟာကုန်းနှင့် တောင်ပြို လက်ယာဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ၀င်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှနေ၍ ဘင်္ဂါလီလက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသည့် ARA နှင့် RSO တပ်ဖွဲ့များက ပူးပေါင်း၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းများကို (AA) က ၀င်ရောက်သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏ နယ်ခြား စောင့်တပ်များနှင့် နိုဘီဟူးဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲ့တို့သည် အပေးအယူပြုလုပ်၍ စစ်ကောင်စီတပ်စခန်းအတွင်းရှိ လက်နက်များကို ဘင်္ဂလားဒေ့ရှိငွေကြေး တာကာ ၁၀ သန်းဖြင့် ရောင်းချခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ARA ခေါင်းဆောင် နိုဘီဟူးဆောင်းသည် မူးယစ်ဆေးဝါးဖြန့်ဖြူးသည့် ခေါင်းဆောင်၊ ဓားပြခေါင်းဆောင်အဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက အလိုရှိနေသူဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြထားသည်။
စစ်ကောင်စီနှင့် ပူးပေါင်းတိုက်နေသည့် ARA တပ်စခန်းသည် နတ်မြစ်ကမ်းဘေးတွင် အခိုင်အမာတည် ဆောက်ထားသည့်စခန်းဖြစ်ပြီး တောင်ပြိုလက်ဝဲကို ကွန်ကရစ် လမ်းများဖြင့် ချိတ်ဆက်ထားကာ ၎င်းစခန်းနှင့် မီတာ ၁၀၀၀ ခန့်သာကွာဝေးသော စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အပေးအယူနားလည်မှုများရှိနေကြောင်း သိရ သည်။
၎င်း ARA အဖွဲ့သည် နတ်မြစ်တစ်ဖက်ကမ်းတွင်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ပုံမှန်၀င် ထွက်သွားလာနေသည့် လက္ခဏာများရှိပြီး စစ်ကောင် စီတပ်ဖွဲ့၀င်များ ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းသို့ ၀င်ပြေးသည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB တပ်စခန်းတစ်ခုနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ထားသည်ဟု မဟာမိတ် အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ARA အဖွဲ့သည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ၎င်းတို့၀ယ် ယူထားသည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ သယ်ယူထွက်ပြေးသွားပြီး ကျန်ရှိသည့် လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက်များ၊ WY မူးယစ်ဆေးဝါး ၆၉ ထုပ်နှင့် Ice ၂၈ ထုပ်တို့ကို ယင်းစခန်းအတွင်းမှ AA က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မီယာမိုဟာမက်မိုင် နျူကာ ဘီယာသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ကန့်ကွက်ရန်အတွက် စစ်ကောင်စီ၏ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို နိုင်ငံတော်ဧည့်ရိပ်သာတွင် တွေ့ဆုံ၍ ကန့်ကွက်လွှာပေးအပ်ခဲ့သည်။
ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားသည့်အချိန်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀၀ ကျော်ရှိနေပြီး စစ်ကောင်စီက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို သင်္ဘောဖြင့် မောင်တောမြို့သို့ ပြန်ပို့ပေးရန်တောင်းဆိုထားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က လုံခြုံရေးကြောင့် နေပြည်တော်လေဆိပ်သို့ လေယာဉ်ဖြင့် ပို့ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ပုံစာ- စစ်ကောင်စီထံကဝယ်ယူထားသည့်လက်နက်များကို သယ်နေသည့် ARA ခေါင်းဆောင် နိုဘီဟူးဆောင်း
#ရခိုင် #ဘင်္ဂလားဒေ့ရှ်အစိုးရ #အလိုရှိ #ဓားပြခေါင်းဆောင် #ARA #စစ်ကောင်စီတပ် #ပူးပေါင်းတိုက်ခိုက် #Ayeyarwaddy_Times