
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာမှ လူနေအိမ်များကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မတူပီမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၃၀၄) တပ်ရင်းမှ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းသည် ယနေ့ မနက် ၇ နာရီခန့်က ချင်းပြန်းကျေးရွာအနီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ထောင်ထားသည့် မိုင်းနင်းမိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမူရှိကာ ၎င်းနေရာအနီးရှိသည့် ချင်းပြန်းကျေးရွာကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“ဒီမနက် ရွာဘက်မှာ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ အဲ့စစ်ကြောင်း အင်အား ၁၀၀ ကျော်က ချင်းပြန်းရွာအနီးမှာ မိုင်းနင်းမိပြီး ထိခိုက် သေဆုံးမူတွေရှိတယ်။ အဲ့ဒါ ဒေါသထွက်ပြီး ရွာကို မီးရှို့တာဖြစ်တယ်။ ဒီမနက် ကျွန်တော်တွေ့တာ ရွာက လူနေအိမ် လေးလုံးလောက် မီးလောင်နေပါပြီ။ ဒီတစ်ခါနဲ့ဆို စစ်သားတွေ ရွာမီးရှို့တာ နှစ်ကြိမ်ရှိပါပြီ” ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အိမ်ခြေ ၇၀ ခန့်ရှိသည့် ချင်းပြန်းရွာကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လတွင် စစ်ကောင်စီမှ ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာနေပြည်သူအများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကာ နေရပ်ပြန်နေထိုင်သည့် စစ်ဘေးရှောင် ပြည်သူအချို့ လည်း စစ်ကောင်စီမှ ယနေမနက် ဒုတိယအကြိမ် ထပ်မံမီးရှို့သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ချင်းလဲန်းကာကွယ်ရေးတပ်(မတူပီ)တပ်ရင်း ၁ ထိန်းချုပ်နေမြေဖြစ်သည့် မတူပီ-မင်းတပ် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အင်းအားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်နေကြောင်း သိရသည်။
#မတူပီ #စစ်ကောင်စီစစ်ကြောင်း #ချင်းပြန်းရွာ #မီးရှို့ #စစ်ရေးပြင်းထန် #Ayeyarwaddy_Times