ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

ဒေါက်တာ အောင်ခင်၏ စိတ်ဓာတ်တော်လှန်ရေး စာအုပ်ကို ပြန်လည် ထုတ်ဝေသဖြင့် တိုးမြစ်စာအုပ်တိုက်ကို စစ်ကောင်စီက လုပ်ငန်း ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

လက်ရှိအခြေအနေများနှင့်သက်ဆိုင်ခြင်းမရှိဘဲ ဆယ်စုနှစ်တစ်ခုစာကြာမြင့်နေပြီးဖြစ်သော ၂၀၁၀ – ၂၀၁၁ ခုနှစ်ပတ်ဝန်းကျင်က မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး အသံလွှင့်ဆောင်းပါးများကို စာအုပ် အဖြစ်ထုတ်ဝေထားသည့် ဒေါက်တာအောင်ခင်၏ စိတ်ဓာတ်တော်လှန်ရေး စာအုပ်ကြောင့် တိုးမြစ်စာအုပ်တိုက် ပိတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီလိုသလိုပြင်ထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မခွဲ (ခ) ပါ “ နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးကို ထိခိုက်စေသည်ဟုအကြောင်းပြကာ လပြည့်လင်းပုံနှိပ်တိုက်နှင့် တိုးမြစ်စာအုပ်တိုက်တို့၏ လုပ်ငန်းလိုင်စင်များ မကြာသေးခင်က ရုပ်သိမ်းခံရခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာလုပ်ငန်းနှင့်ပတ်သက်ပြီး မတရားဖိနှိပ်ချုပ်ကိုင်ထားရာ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို လိုရာပြင်ပြီး ပုံနှိပ်လုပ်ငန်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနှစ်ခုကို တစ်ဖက်သတ်ရပ် ဆိုင်းခံရကြောင်း စာပေထုတ်ဝေသူတစ်ဦးက ပြောကြားသည်။

“ မတရားဖိနှိပ်ခံရတာထင်ရှားနေတာပါပဲ။ အခုလိုပဲအကြောင်းမရှိ အကြောင်းရှာဖိနှိပ်မှုတွေက လည်းဆက်လုပ် နေဦးမှာပါ။ သတိပေးတာမျိုးကြိုတင်အကြောင်းတာမျိုးမရှိဘဲ စာထွက်လာမှသိရတယ်။ ရုံးခေါ်မေးမြန်း တာလုပ်သင့်တယ်။ အခုတော့တဖက်သတ်စီရင်တာမျိူးပါပဲ” ဟု စာပေထုတ်ဝေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင်စစ်ကောင်စီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကိုလိုရာပြင်ထားပြီး အထွေထွေအကျပ်အတည်းများ ကြား ရုန်းကန်နေသောစာပေလုပ်ငန်းကို ဖိနှိပ်ချုပ်ကိုင်ကြောင်း စာပေလောကသားတစ်ဦးကလည်း ပြောကြားသည်။

“ တစ်နိုင်ငံလုံးကျယ်ပြန်လာတဲ့စစ်ပွဲတွေကြောင့် စာအုပ်တွေကိုနယ်မပို့နိုင်တော့ပဲ ထုတ်လုပ်မှုကုန်ကျ စရိတ်တက်လို့ စာအုပ်ဈေးတွေလည်းမြင့်လာရပါတယ်။ အဲဒီအခါလူတိုင်းအလွယ်မဝယ်နိုင်တော့ ရောင်းအားလည်းကျပါတယ်” ဟု ပုံနှိပ်သူနှင့်စာပေထုတ်ဝေသူတစ်ဦးက ဆိုသည်။

သက်တမ်းဆယ့်လေးနှစ်ရှိသော တိုးမြစ်စာအုပ်တိုက်သည် ရသစာပေ၊ နိုင်ငံရေး၊ လူမှုရေး၊သမိုင်းနှင့် သုတစာအုပ်များအပါအဝင် စာရေးဆရာ၊ပညာရှင်များစွာ၏ စာအုပ်များကိုအထူးပြုထုတ်ဝေကြောင်းသိရသည်။

စစ်ကောင်စီသည် သတင်းသမားကိုဖမ်းဆီးထောင်ချကာ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ထုတ်ဝေခွင့်တို့ကို ထိန်းချုပ်ထားပြီး တစ်ဖက်တွင်လည်း သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးနေ ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၃၈၀ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၀၇ ဦးတို့ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားကြောင်း စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဒေါက်တာအောင်ခင် #စိတ်ဓာတ်တော်လှန်ရေး #စာပေထုတ်ဝေခွင့် #ပုံနှိပ်ခွင့်ရပ်ဆိုင်းခံရ
#တိုးမြစ်စာအုပ်တိုက် #လပြည့်လင်းပုံနှိပ်တိုက်
#Ayeyarwaddy_Times