ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ ဖေဖော်ဝါရီ ၂ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးနှင့် ၎င်း၏ တပြည့်တစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က လက်နက်များနှင့်အတူ တောင်ညို စစ်ကြောင်း(KNLA +PDF) တပ်ခွဲ-၁ မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးကာတွန်း (ခ) အတွမ့်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ဦးကာတွန်း ၏ ခြံဝန်းထဲတွင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းထံမှ AK သုံး လက်၊ M-16 သေနတ် တစ်လက်၊ ကျည်ဘောက်များ၊ကျည်တောင့်များ၊ ၃၈၀ ဆုံလည် တစ်လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဖမ်းတာကတော့ နယ်မြေခံသတင်းပေးတွေအရ သူကိုစောင့်ကြည့်နေခဲ့တာ ကြာပါပြီ။ အကြောင်းအရာ အချက်အလက်မခိုင်လုံသေးတာကြောင့် သွားပြီး မဖမ်းသေးတာပါ အခုတော့ သူခြံ၀န်းထဲကို သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ သူ့တို့ကိုထိုက်သင့်တဲ့ ပုံစံမျိုးနဲ့ပဲအရေးယူမှာပါ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးကာတွန်းကို သွားရောက်ဖမ်းဆီးချိန်တွင် ပြန်လည်ခုခံခြင်းမရှိပဲ လက်နက်များကို အသာတကြည်ထုတ်ပေးခဲ့ကြောင်း သိရပြီး လက်ရှိတွင် ဖမ်းဆီးခဲ့ရမိသူ နှစ်ဦးကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်ဆေးမှုများပြုလုပ်နေကာ ထိုက်သင့်သည့်ပြစ်ဒဏ်များကို ချမှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း အနင်းကျေးရွာရဲစခန်းနှင့် ထင်းရှူးကျေးရွာရဲစခန်းတို့ကို တောင်ညိုစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း

#သံဖြူဇရပ် #ပြည်သူ့စစ်ခေါင်းဆောင် #ဖမ်းဆီးရမိ #တောင်ညိုစစ်ကြောင်း #Ayeyarwaddy_Times