ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေသို့ ဦးတည်နေသည့် စစ်ရေးလမ်းကြောင်းများ ပိုမိုနီးကပ်လာသည့် အတွက် စစ်ကောင်စီက ယမန်နေ့ညက စစ်တွေမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီက စစ်တွေမြို့ကို ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး ၎င်းအချိန်အတွင်းပြည်သူပိုင်နေရာများဖြစ်သည့် လမ်းမများ၊ လမ်းကြိုလမ်းကြားများနှင့် ဥယျာဉ်၊ ဈေးစသည့်နေရာများကို မသွားလာကြရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်လှုပ်ရှားသူများအနေနှင့် အကြမ်းဖက်လုပ်ရပ်များကို မလုပ်ဆောင်နိုင်ရန် ညမထွက်ရအမိန့်ကိုထုတ်ပြန်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။

စစ်တွေ ဒကစသို့ စစ်ရေး ၀င်ရောက်နိုင်သည့် ကျောက်တော်မြို့တွင် ရက္ခိုင့်တပ် တော် AA က တိုက်ခိုက်သိမ်းပိုက်မှုများပြုလုပ်ခဲ့ရာ စကခ ၉ တစ်ခုတည်းသာကျန်ရှိတော့ပြီး စစ်တွေသို့ ၀င်ရောက်နိုင်သည့် ပုဏ္ဏာကျွန်းမြို့နယ်တွင်လည်း ခမရ ၅၅၀ တပ်တစ်ခုသာ ကျန်‌ရှိတော့သည့်အတွက် စစ်ကောင်စီက စစ်တွေကို ညမထွက်ရအမိန့်များ အလျင်အမြန်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“ည ၈ နာရီလောက်စပြီး စစ်တွေမြို့ရပ်ကွက်တွေထဲမှာ ညမထွက်ရအမိန့်ကို ဆိုက်ကားနဲ့လိုက်အော်တယ်။ မြို့ထဲမှာလည်း သူတို့တပ်တွေပဲ ခြေရှုပ်နေတာပါ။ တစ်နေ့တစ်နေ့လည်း တင့်ကားတွေနဲ့ ဖောကားအပြည့် စစ်သားတွေတင်ပြီး အင်အားပြနေတာ။ ညမထွက်ရအမိန့်ထုတ်ရင် သူတို့ကိုပြန်ဖမ်းရမှာ။ မြို့ထဲမှာ သူတို့ပဲရှိတာ။ တပ်တော်က စစ်တွေ၀င်ပေါက်တပ်တွေကို အကုန်ထိန်းချုပ်လိုက်ပြီဆိုတော့ တုန်လှုပ်နေ ပုံရတယ်”ဟု စစ်တွေမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်တွေမြို့အတွက် စိုးရိမ်ရသည့်စစ်ရေးအခြေ အနေများကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီက စစ်တွေမြို့၏အရှေ့‌နှင့် မြောက် ဘက် ၁၀ မိုင်၀န်းကျင်ခန့်ကို MLRS အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“အနေအထားကတော့ စစ်ရေးကစစ်တွေကိုဦးတည်လာပြီ။ မနေ့ကအတွဲလိုက်ဒုံးတွေ ပစ်တာကို ကြည့်ရမယ်‌ဆိုရင် စစ်တွေတပ်နယ် အစပ်က ငတောက်တဲ့၊ ကြွိတဲတို့နားကို တပ်တော်ရောက်နေပြီလို့ ခန့်မှန်းလို့ရတယ်။ အခုက ရခိုင်မြောက်ပိုင်းတင်မဟုတ်တော့ဘူး။ မနေ့ကဆိုရင် ရခိုင်တောင်ပိုင်းက ကျောက်ဖြူရေမျက် ရဲတပ်ရင်း ၃၂ ကိုပါ ၀င်စီးတယ်။ ဆိုတော့ စစ်တွေကိုအသည်းအသန်ကာကွယ် နေရပြီ”ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ် က‌ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့၏ အဓိကရေလမ်း၀င်ပေါက်နှစ်ခုကိုလည်း တပ်စွဲပိတ်ဆို့လိုက်ကာ မြို့ထဲတွင်လည်း စစ်အင်အားများတိုးချဲ့ကာ မြို့လယ်လမ်းမများ၌ နေ့စဉ်အင်အားပြလျက်ရှိပြီး ကျောက်တော်၊ ရမ်းဗြဲ၊ မင်းပြားမြို့များမှ အရာရှိနှင့်တပ်မိသားစု၀င်များနှင့် UN အပါအ၀င် အဖွဲ့အစည်းများပါ စစ်တွေမြို့သို့ ပြောင်းရွှေ့လာပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ပုံစာ- စစ်တွေတွင် နေ့ရောညပါလှည့်လည်နေသည့်တင်ကားများ
#စစ်တွေ #စစ်ကောင်စီ #ညမထွက်ရ #အမိန့် ထုတ် #ပုဒ်မ၁၄၄ #Ayeyarwaddy_Times