
ဒေါက်တာလှကျော်ဇော ပြောတဲ့ တရုတ်နိုင်ငံအပေါ် NUG ဆက်ဆံမှု သဘောထား
===========
“ကျွန်မအမြင်ကတော့ NUG အနေနဲ့ ဒါလက်ဦးမှုရှိရှိ သံခင်းတမန်ခင်းကို တစ်ဆင့်မြှင့်ပြီးတိုးပြီး လုပ်လာတာလို့ မြင်ပါတယ်။ ကောင်းတဲ့လက္ခဏာပါ” (ဒေါက်တာလှကျော်ဇော)
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်နိုင်ငံဆိုင်ရာ သဘောထားနှင့် ပတ်သက်၍ မြန်မာ နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံရင်းနှီး မြုပ်နှံမှုများနှင့် စီးပွားရေး လုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ် ပေးသွားမည်ဆိုသည် အချက် အပါအဝင် အချက် (၁၀) ချက်ပါဝင်သည့် ထုတ်ပြန်ချက် တစ်စောင်ကို ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
NUG အနေဖြင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို မျှော်ရည်လျှက် ယခုကဲ့သို့ ထိန်းသိမ်းကာကွယ် ပေးသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်က နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်မှု စာချုပ်များအပါအ၀င် နှစ်နိုင်ငံကြား သဘောတူ ချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကိုလည်း တာ၀န်ယူ ဆက်ခံသွားမည်ဟု ဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်အားဖြင့် ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်လျက်ရှိပြီး ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ် နိုင်ငံကြား စစ်မှန်သော “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးကို တည်ဆောက်သွားမည် ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကို ဧရာဝတီတိုင်းမ်သတင်းဌာနမှ အကြီးတန်းသတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားသည်။
ဧရာ၀တီတိုင်မ် (ATime)- မင်္ဂလာပါ ။ NUG က တရုတ်နဲ့ပတ်သက်ပြီး အချက် ၁၀ ချက်ပါတဲ့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအပေါ် အပေါ် ဘယ်လိုရှုမြင် သုံးသပ်မိပါသလဲ။
ဒေါက်တာလှကျောဇော (HKZ) – သူက(NUG) သံခင်းတမန်ခင်းအရ တရုတ်နဲ့ ဆက်ဆံရေး ကောင်းဖို့အတွက် ပြောတယ်လို့ပဲ သဘောထားပါတယ်။ ခါတိုင်းလည်း NUG က ဒီလိုပဲ ပြောနေသလားလို့ပါ။ အခုမှ ပြောင်းတာတော့ မဟုတ်ဘူးထင်တယ်။ သူတို့လည်း တရုတ်အပေါ်မှာထားတဲ့ သဘောထားက အစတည်းကလည်း ပျော့ပျော့ ပြောင်းပြောင်း ရှိပါတယ်။ အခုကတော့ အခြေအနေသစ်ကို ရောက်တာကိုး။ နွေဦး တော်လှန်ရေးရဲ့ အရှိန်တက်လာတဲ့အခါမှာ အထူးသဖြင့် မြောက်ပိုင်းသုံးဖွဲ့က အခု မြို့တွေဘာတွေ တော်တော်သိမ်းလိုက်တဲ့ဟာမှာ များသောအားဖြင့် အဲဒါတွေက တရုတ်စီးပွားရေး၊ တရုတ်လုပ်ခင်းကိုင်ခင်းတွေနဲ့ ဆက်စပ်နေတော့ ပြောထားဖို့ လိုတယ်လို့ သူတို့ ထင်လို့ ပြောတာနဲ့တူပါတယ်။ ကောင်းပါတယ်။ ကျွန်မအမြင်ကတော့ NUG အနေနဲ့ ဒါလက်ဦးမှုရှိရှိ သံခင်းတမန်ခင်းကို တစ်ဆင့်မြှင့်ပြီးတိုးပြီး လုပ်လာတာလို့ မြင်ပါတယ်။ ကောင်းတဲ့လက္ခဏာပါ။
ATime – တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အရေးပါနေတယ်လို့ ပြောလို့ရနိုင်မလဲ။ ဘယ်လိုအရာတွေကြောင့်လဲ။
HKZ – ဒီလိုရှိတယ်လေ။ တရုတ်နိုင်ငံက ကျွန်မတို့ မြန်မာပြည်အတွက်ကတော့ ဘက် အားလုံးကပေါ့နော်။ စစ်ကောင်စီအတွက်လည်း အရေးကြီးတာပဲ။ ကျွန်မတို့ တော်လှန်ရေးသမားတွေအတွက်လည်း အရေးကြီးတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူက ကျွန်မတို့နဲ့ အိမ်နီးနားချင်း နိုင်ငံကြီးဖြစ်နေတာပါတယ်။ နောက် သူတို့ကိုယ်တိုင်က တဖြေးဖြေး အင်အားကြီးလာပြီးတော့ ကမ္ဘာ့ရေးရာတွေမှာ တက်တက် ကြွကြွဝင်ပြီး ပါဝင်လာတာ ရှိတာပေါ့နော်။ အဲဒါတွေကြောင့်လည်းပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ ဗီဒိုအာဏာရထားတဲ့ နိုင်ငံကြီးတစ်နိုင်ငံလည်း ဖြစ်တာကိုး။ အဲဒီတော့ ကျွန်မတို့အနေနဲ့ တော်လှန်ရေးသမားတွေကပဲဖြစ်ဖြစ်၊ စကစ(စစ်ကောင်စီ) ကလည်း တော်တော်အသားပေးပြီး ဆက်ဆံနေရတာပဲလေ။ ဒါကြောင့် ကျွန်မတို့ တော်လှန်ရေးသမားတွေဘက်ကလည်း ဒါကိုလက်ဦးမှုရှိရှိ ဒီလိုပဲ ဆက်ဆံသင့်တယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးတာပဲ။ ကိုယ်ကမကြိုက်ဘူးဆိုပြီး ပြောင်းသွားလို့ရတာ မဟုတ်ဘူးလေ။ အိမ်နီးနားချင်း၊ အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်တော့ အရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံအတွက်ကတော့၊ သူတို့နဲ့ ဆက်ဆံရေးကောင်းဖို့ အရေးကြီးပါတယ်။
ATime – နောက်ပြီး ၁၀၂၇ စစ်ဆင်ရေးက NUG ရဲ့ တရုတ်အပေါ် သဘောထား ပြောင်းလဲလာတယ်လို့ ပြောလို့ရနိုင်မလား။ ဒီမတိုင်ခင် တရုတ်နဲ့ ပတ်သက်ပြီး NUG ရဲ့ မူဝါဒ၊ သဘောထားတွေက ဘယ်လိုရှိတယ်လို့ ရှုမြင်မိပါ သလဲ။
HKZ – ကျွန်မကြည့်တာတော့ အစတည်းကလည်း သူတို့(NUG) တရုတ်အပေါ် သိပ်ပြီးတော့ ရန်ထောင်နေတာ မတွေ့ပါဘူး။ တတ်နိုင်သမျှ ဆက်ဆံရေးကောင်းဖို့ ကြိုးစားနေတာပဲလေ။ ဒေါ်ဇင်မာအောင် (NUG နိုင်ငံခြားရေး ဝန်ကြီး) ပြောတာပဲ ဖြစ်ဖြစ်၊ ကျန်တဲ့ NUG က လူတွေပြောတာပဲဖြစ်ဖြစ် သိပ်ပြီးတော့ တရုတ်ပြည်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်ကြီး မရှိဘူးထင်ပါတယ်။ အစတည်းကလည်း ဆက်ဆံရေးကောင်းဖို့ သူတို့ သဘောထားရှိပုံ ရပါတယ်။ NLD ခေတ်ထဲကပေါ့နော်။ ကိုယ့်တော်လှန်ရေးကို မထောက်ခံတိုင်း၊ ကိုယ့်တော်လှန်ရေးကို အားမပေးတိုင်း လိုက်ပြီးအပြစ်ရှာနေဖို့တော့ မသင့်တော်ဘူးထင်တယ်။ သူတို့လည်း သူတို့နိုင်ငံ အကျိုးစီးပွားပေါ်ကနေပြီးတော့ သူတို့ရဲ့ပေါ်လစီတွေကို ချမှတ်တာပဲလေ။ ကျွန်မတို့ ကလည်း ကိုယ့်နိုင်ငံ အကျိုးစီးပွား၊ ကိုယ့်တော်လှန်ရေး အကျိုးစီးပွားပေါ်ကပဲ ကိုယ်ချသင့်ချထိုက်တာတွေ ချရမှာပေါ့ဗျာ။
ATime – ဒီအခြေအနေအရ တရုတ်နဲ့ NUG အကြား ဆက်ဆံရေးက ဘယ်လို ဖြစ်လာနိုင်မလဲ။ ဘာကြောင့်လို့ ထင်မိပါသလဲ။
HKZ – ဒီလိုဗျ။ NUG ဘက်က ဘယ်လိုစဉ်းစားသလဲတော့ မသိဘူး။ ဒါပေမယ့် ကျွန်မစဉ်းစားတာကတော့ NUG အခုလိုလုပ်တာ သင့်တော်တယ်၊ လက်ဦးမှုရှိတယ်လို့ ထင်ရတာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်နိုင်ငံဘက်က NUG က အနောက်နိုင်ငံဘက်ကိုများ သိပ်ယိမ်းမလားလို့ ပူပန်ကောင်း ပူပန်နိုင်တယ်လေ။ အဲဒါကြောင့်မို့လို့ သူတို့(NUG)အနေနဲ့ကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ပဲ၊ ကိုယ့်တော်လှန်ရေး အတွက်ပဲ ကြည့်ပါတယ်ဆိုတာ NUG က ပွင့်ပွင့်လင်းလင်း ပြောတာပေါ့ဗျာ။ အဲဒီတော့ တရုတ်ပြည်ကိုလည်း မဟာမိတ်လို ဆက်ဆံပါ့မယ်၊ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပါ့မယ်၊ တရုတ်ပြည် တစ်ပြည် တည်းရှိတဲ့မူကို လက်ခံပါ့မယ် ဒါမျိုးတွေ ပြောတာပေါ့ဗျာ။ တရုတ်ဘက်ကလည်း ကြိုက်မယ် ထင်ပါတယ်။
ဒါပေမယ့် တရုတ်ကတော့ ဆက်ဆံတဲ့အခါမှာ၊ သူကဒီလိုဗျ။ တံခါးဖွင့် ဆက်ဆံပြီးတော့ ပွင့်ပွင့်လင်းလင်း ဆက်ဆံတာရှိတယ်။ လျှို့လျှို့ဝှက်ဝှက် ဆက်ဆံတဲ့ သံတမန်နည်း တွေရှိတယ်။ တရုတ်ကတော့ နည်းပေါင်းစုံ သုံးတာကိုးနော်။ အဲဒီတော့ သူ(တရုတ်)က စစ်ကောင်စီကို တရားဝင် ဆက်ဆံမှာပဲလေ။ ထို့အတူပဲ ကျန်တဲ့ အဖွဲ့တွေနဲ့လည်း ဆက်ဆံရေးတွေ ရှိနေတာပဲ။ ဥပမာ- မြောက်ပိုင်းအဖွဲ့တွေနဲ့လည်း သူဆက်ဆံရေး ရှိတာပဲ။ အဲဒီတော့ NUG နဲ့လည်း သူဆက်ဆံစရာရှိတာ ဆက်ဆံပါလိမ့်မယ်ထင်တယ်။
ATime – ဒါဟာ NUG အနေနဲ့ ၂၀၂၄ ခုနှစ်ကစပြီး နိုင်ငံတကာ ဆက်ဆံရေး၊ သံတမန် အရေးတွေကို အရှိန်ဟုန်မြင့် လုပ်ဆောင်တော့ မယ့် နိမိတ်လက္ခာဏာမျိုးလား။
HKZ – လုပ်ဖို့လည်း လိုပါတယ်။ ကျွန်မကြည့်တယ်၊ သူတို့ လုပ်စရာရှိတာတွေ ဆက်လုပ် မယ်တူပါတယ်။ တကယ်တော့ ဒီလိုဗျ။ အခု NUG အပါအဝင်ပေါ့နော်။ နွေဦး တော်လှန်ရေးမှာ ကျွန်မတို့အားလုံး လုပ်ဆောင်နေ တဲ့အခါမှာ၊ သံခင်းတမန်ခင်းအရ ကျွန်မတို့က တော်တော်အောင်မြင်နေတယ်။ အဲဒီတော့ အဲဒါတွေအားလုံးက သံခင်း တမန်ခင်းအရ NUG ဘက်က သို့မဟုတ် နွေဦးတော်လှန်ရေးဘက်က တော်တော် အပေါ်စီးရနေတာပါ။ ဒီအတွက် ကိုယ်က လက်ဦးမှုရှိရှိ၊ စစ်ရေးတွေဘာတွေမှာ တိုးတက်လာသလို ဘက်ပေါင်းစုံကလည်း ဆက်ကြိုးစားဖို့ လိုပါတယ်။ ဒါမှန်ကန်တဲ့ ခြေလှမ်းတစ်ရပ်လို့တော့ ကျွန်မထင်ပါတယ်။
ATime – ဟုတ်ကဲ။ ဖြည့်စွက်ပြောလိုတာများ ရှိဦးမလား။
HKZ – ဒါက ဘက်နှစ်ဖက်ဗျ။ ကျွန်မတို့ တိုင်းပြည်ဘက်ကလည်း၊ ကျွန်မတို့ တော်လှန်ရေးဘက်ကလည်း ကျွန်မတို့က ဆက်ဆံရေးတွေ အားလုံးကိုဖြန့်ပြီး ဆက်ဆံသလိုပဲ၊ တရုတ်ပြည်ဘက်ကလည်း အခုကြည့်ရတာ သူတို့ကလည်း တော်တော်လေးကို ပျော့ပျော့ပြောင်းပြောင်းနဲ့ သူတို့လည်း သံခင်းတမန်ခင်းကို အားလုံးကိုဖွင့်ပြီး ဆက်ဆံလာတာ တွေ့ရပါတယ်။ အဲဒီတော့ ဒါတွေအားလုံးက ကျွန်မတို့ရှေ့လျှောက် မြန်မာပြည်ရဲ့ တော် လှန်ရေးအတွက် အများကြီးအထောက်အကူ ပြုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာပြည်ရဲ့ တော်လှန်ရေးကို တကယ့်အခိုင်အမာ အဆုံးအဖြတ်ပေးမှာက ကျွန်မတို့ ပြည်သူတွေပဲဗျ။ ကျွန်မတို့က ကိုယ်လုပ်စရာရှိ တာ ကိုယ်ဆက်လုပ်ဖို့ပဲဖြစ်တယ်။
အခုလို သံခင်းတမန်ခင်းတွေ ဘာတွေပဲဖြစ်ဖြစ်၊ စစ်ဆင်ရေးတွေပဲဖြစ်ဖြစ် နေရာရ လာတာဟာ ကျွန်မတို့ မြန်မာပြည်သူတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ ကျွန်မတို့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့ လိုပါတယ်။ ကျန်တဲ့ကိစ္စတွေလည်း လုပ်တာတစ်ပိုင်း၊ ကျွန်မတို့ တိုင်းပြည်ရဲ့ တကယ့်အခြေအနေ၊ တကယ့်တော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာ ကျွန်မတို့ ပြည် သူတွေပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်လုပ်ငန်းကိုယ် ဆက်လုပ်ကြဖို့ပါပဲ။
(သိသင့်သိထိုက်တဲ့ အရာတွေကို အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ)
#ဒေါက်တာလှကျော်ဇော #တရုတ်နိုင်ငံအပေါ်NUGသဘောထား #အင်တာဗျူး #Ayeyarwaddy_Times