ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စက်သုံးဆီတင်သွင်းသောကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပြင်မှဝယ်ယူရသည့်အရေးကြီးကုန်စည် စက်သုံးဆီဝယ်ယူရေးအတွက်ကုမ္ပဏီများကို စစ်ကောင်စီကဒေါ်လာထုတ်ရောင်းပေးမည်ဆိုသော်လည်း ငွေလဲနှုန်းထားကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

” ဒေါ်လာထုတ်ရောင်းပေးမယ်လို့တော့ သတင်းတွေ့တယ်။ ဈေးကွက်ထဲ ဒေါ်လာဈေးကတော့ နည်းနည်းငြိမ်နေတယ်။ ငွေလဲနှုန်းငွေကြေးဈေးကွက်အရှင်ထားလိုက်တော့ ကုန်ဈေးတွေတက်မှာစိုးတယ်။ ဒီတော့ ဒေါ်လာတွေကို ထောက်ပံ့ပေးတဲ့သဘော။ subsidy လုပ်လိုက်တဲ့သဘောပဲ” ဟု ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ ပြင်ပပေါက်ဈေးတွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၄၈၀ မှ ၃၄၉၀ ဝန်းကျင်းရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေများကို ၆၅ ရာခိုင်နှုန်းကို ကိုယ်ပိုင်သုံးစွဲနိုင်ပြီး ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်အတိုင်းလဲလှယ်ရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ဘဏ်များက အွန်လိုင်းစနစ်ဖြင့် နိုင်ငံခြားငွေလဲလှယ်ရာတွင် ငွေလဲနှုန်းထားသတ်မှတ်ချက်ကိုပယ်ဖျက်ထားပြီဖြစ်သည်။

ယခု ရက်သတ္တပတ်နှစ်ပတ်အတွင်း ရန်ကုန်မြို့နှင့် မြို့ကြီးများတွင် စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#စစ်ကောင်စီဗဟိုဘဏ် #စက်သုံးဆီတင်သွင်းကုမ္ပဏီများ #ဒေါ်လာ၉သန်းကျော် #ရောင်းမည် #Ayeyarwaddy_Times